
ရီးယဲလ်အသင်းရဲ့ နည်းပြဟောင်း ဇီဒန်းက သူ့အနေနဲ့ နည်းပြလောကထဲ ပြန်လာမှာသေချာကြောင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်လိုကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
ပြင်သစ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဇီဒန်းဟာ နည်းပြအဖြစ် ကူးပြောင်းချိန်မှာ ရီးယဲလ်မက်ဒရစ်အသင်းကို နှစ်ကြိမ်ကိုင်တွယ်ခဲ့ဖူးပြီး ချန်ပီယံလိဂ်ဖလားကို (၃)ရာသီဆက် ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသောနည်းပြဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ ရီးယဲလ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ထိပ်သီးကလပ်အသင်းများစွာရဲ့ ချဉ်းကပ်ခြင်းခံခဲ့ရပေမဲ့ လက်မခံခဲ့ဘဲ လက်ရှိအချိန်အထိ အသင်းလက်မဲ့အဖြစ် ရပ်တည်နေပါတယ်။
ဒါကြောင့် အနာဂတ်အစီအစဉ်နဲ့ ပတ်သက်ပြီး Festival Dello Sport က မေးမြန်းခဲ့ရာမှာ ''ကျွန်တော် နည်းပြလောကထဲ သေချာပေါက်ပြန်လာမှာပါ။ ကျွန်တော့်အတွက် အနာဂတ်က ဘယ်လိုရှိမလဲဆိုတာတော့ မသိပါဘူး။ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုကတော့ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ပါပဲ'' လို့ ဇီဒန်းက ပြောကြားခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းရဲ့ လက်ရှိနည်းပြ ဒေးရွှမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိသာ စာချုပ်ချုပ်ဆိုထားတာကြောင့် လာမယ့်နှစ်မှာ ဇီဒန်းကို ပြင်သစ်နည်းပြအဖြစ် မြင်တွေ့ရဖို့ အလားအလာများနေပါတယ်။