Eleven Media Group

■ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) ပွဲကြိုသုံးသပ်ချက်

Photo: Spain Team

◘ အီတလီ - အစ္စရေး (အောက်တိုဘာလ ၁၅ ရက် နံနက် ၁း၁၅ နာရီ)

ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခွင့် အုပ်စုပထမနေရာမှာ အမှတ်ဖြတ်ဦးဆောင်နေတဲ့ နော်ဝေကို ဖိအားပေးနိုင်ဖို့ အီတလီအသင်း အမှားလုပ်လို့မရပါဘူး။ အီတလီအသင်းက အဖွင့်ပွဲစဉ်မှာ နော်ဝေကို ရှုံးနိမ့်ပြီးနောက်ပိုင်း လေးပွဲဆက် အနိုင်ရထားပြီး
တိုက်စစ်ကလည်း ၁၅ ဂိုးအထိ သွင်းယူထားနိုင်တယ်။ အစ္စရေးကတော့ အီတလီ၊ နော်ဝေတို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ထားလို့ Play-offs တစ်နေရာအတွက်တောင် ရုန်းကန်ရတော့မယ့်အခြေအနေပါ။ အီတလီအသင်း ဂိုးပြတ်အနိုင်ရမှာပါ။

◘ လတ်ဗီးယား - အင်္ဂလန် (အောက်တိုဘာလ ၁၅ ရက် နံနက် ၁း၁၅ နာရီ)

အင်္ဂလန်အသင်းက ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ဒီပွဲအနိုင်ရရင် ခြေစစ်ပွဲအောင်မြင်ဖို့ သေချာပါပြီ။ ပြိုင်ဘက်တွေက တစ်ဆင့်နိမ့်တဲ့အခြေအနေကြောင့်လည်း အင်္ဂလန်အတွက် ခြေစစ်ပွဲအောင်မြင်ဖို့ခရီးလမ်းက အခက်အခဲ
မရှိခဲ့တာပါ။ တူဟယ်လ်လက်ထက်မှာ အဓိက ကစားသမားတချို့ မရွေးချယ်ဘဲ ချန်လှပ်ထားလို့ ဝေဖန်မှုတွေရှိပေမဲ့ ခြေစစ်ပွဲကာလတစ်လျှောက် တိုက်စစ်က ၁၃ ဂိုးသွင်းယူထားနိုင်သလို ခံစစ်ကလည်း တစ်ဂိုးမှမပေးရသေးဘဲ ပွဲတိုင်း Clean Sheet
ရထားတာ ချီးကျူးရမှာပါ။ လတ်ဗီးယားက အိမ်ကွင်းကစားရမှာဖြစ်ပေမဲ့ အခြေအနေချင်းကွာခြားလို့ အင်္ဂလန်အသင်း ဂိုးမိုးရွာဖို့ရှိနေတယ်။

◘ ပေါ်တူဂီ - ဟန်ဂေရီ (အောက်တိုဘာလ ၁၅ ရက် နံနက် ၁း၁၅ နာရီ)

အိုင်ယာလန်နဲ့ပွဲမှာ ရော်နယ်လ်ဒို ပယ်နယ်တီလွဲချော်ပေမဲ့ နေဗက်စ်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးကြောင့် ပေါ်တူဂီအသင်း ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့တယ်။ ပေါ်တူဂီနဲ့ ဟန်ဂေရီက အမှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေတဲ့အသင်းတွေဖြစ်ပေမဲ့
အမှတ်ကွာဟမှုကြောင့် ဒီပွဲအနိုင်ရရင် ပေါ်တူဂီအသင်း ခြေစစ်ပွဲအောင်မြင်ပါပြီ။ ဟန်ဂေရီအသင်းက ထိပ်သီးအသင်းတွေကို ယှဉ်နိုင်ဖို့တော့ လိုအပ်ချက်တွေရှိပါသေးတယ်။ အိမ်ကွင်းကစားရမယ့် ပေါ်တူဂီအသင်းပဲ နိုင်ပွဲရယူပြီး
ခြေစစ်ပွဲအောင်လက်မှတ် ရသွားမှာပါ။

◘ စပိန် - ဘူလ်ဂေးရီးယား (အောက်တိုဘာလ ၁၅ ရက် နံနက် ၁း၁၅ နာရီ)

စပိန်အသင်းမှာ ဒဏ်ရာပြဿနာကြောင့် လူစုံမပါဝင်နိုင်ပေမဲ့ အမှားအယွင်းမရှိ ရှေ့ ဆက်နေဆဲပါပဲ။ ဒယ်လာဖွန်တေရဲ့အသင်းက အုပ်စုတွင်းသုံးပွဲစလုံး ရာနှုန်းပြည့်အနိုင်ရထားသလို၊ တိုက်စစ်က ၁၁ ဂိုးအထိ သွင်းယူထားနိုင်တယ်။ ဒါ့အပြင် ခံစစ်ကလည်း သုံးပွဲစလုံး Clean Sheet ရထားပြီး ပုံစံကောင်းပြနေတယ်။ ဘူလ်ဂေးရီးယားအသင်းကတော့ သုံးပွဲစလုံး ရှုံးနိမ့်ပြီး ဇယားအောက်ဆုံး ရောက်နေတဲ့အသင်းပါ။ တိုက်စစ်ပိုင်းအားနည်းသလို ခံစစ်ကလည်း ဂိုးအလှူပေးနေတဲ့အခြေအနေမို့ စပိန်မြေမှာ
ရလဒ်ပြတ်သားဦးမှာပါ။ စပိန်အသင်း ဘယ်နှဂိုးသွင်းမလဲ စောင့်ကြည့်ရမယ့်ပွဲပါ။

◘ အခြားပွဲစဉ်များ

*အက်စ်တိုးနီးယား - မော်လ်ဒိုဗာ
အန်ဒိုရာ - ဆားဘီးယား*
*အိုင်ယာလန် - အာမေးနီးယား
*တူရကီ - ဂျော်ဂျီယာ

မူရင်းသတင်း — Eleven Media Group