
နယ်သာလန်အသင်း တိုက်စစ်ကစားသမား ဒီပိုင်းဟာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားပြီးဖြစ်သလို ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ်ပါ စံချိန်တင်ခဲ့ပါတယ်။
ဖင်လန်အသင်းအား အိမ်ကွင်းမှာ (၄-ဝ) ဂိုးနဲ့ အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒီပိုင်းက ကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။
ဒီပိုင်းဟာ ပွဲအစ ရှစ်မိနစ်မှာ မာလန်းသွင်းယူတဲ့ အဖွင့်ဂိုးနဲ့ ၁၇ မိနစ်မှာ ဗန်ဒိုက်သွင်းယူတဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပြီး ၃၈ မိနစ်တွင် ပယ်နယ်တီကတစ်ဆင့် ကိုယ်တိုင်ဂိုးသွင်းယူခဲ့ပါတယ်။
ဒါကြောင့် နယ်သာလန်အသင်းအတွက် ၎င်းရဲ့ဂိုးဖန်တီးမှုစုစုပေါင်းမှာ ၃၅ ကြိမ်ရှိလာပြီး ကွင်းလယ်လူဟောင်း ဆနိုက်ဒါရဲ့ ၃၃ ကြိမ်ကိုကျော်ဖြတ်ကာ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။
ဒီပိုင်းအနေနဲ့ ဂိုးအများဆုံးကစားသမားစာရင်းမှာလည်း ပြီးခဲ့တဲ့စက်တင်ဘာလက စံချိန်တင်ခဲ့ပြီး အခု ၅၄ ဂိုးအထိ ရှိလာခဲ့ပါတယ်။
အသက် ၃၁ နှစ်ရှိပြီဖြစ်သူ ဒီပိုင်းဟာ ၂၀၁၃ ခုနှစ် နယ်သာလန်လက်ရွေးစင်အဖြစ် စတင်ကစားခွင့်ရပြီး စုစု ပေါင်း ၁၀၆ ပွဲကစား၊ ၅၄ ဂိုး သွင်းယူပေးထားပါတယ်။
နယ်သာလန်အသင်းဟာ ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု G မှာ ပါဝင်နေပြီး ခြောက်ပွဲကစား၊ ငါးပွဲနိုင်၊ တစ်ပွဲသရေ၊ ရှုံးပွဲမရှိသေးဘဲ ရမှတ် ၁၆ မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေသလို အနိမ့်ဆုံး Play-offs ကစားခွင့်ရဖို့ သေချာနေပြီဖြစ်ပါတယ်။