Eleven Media Group

ဘောလုံးလောကမှာ လက်ရွေးစင်အသင်းအတွက် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်သူအဖြစ် မက်ဆီ စံချိန်တင်

Photo: X

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ ကမ္ဘာ့ဘောလုံးလောကမှာ လက်ရွေးစင်အသင်းအတွက် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်သူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
မက်ဆီဟာ ဒီနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပူအာတိုရီကိုအသင်းကို (၆-၀)ဂိုးနဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ဂိုးဖန်တီးမှု အကြိမ်(၆၀)ပြည့်မြောက်ခဲ့ပြီး ဘောလုံးလောကရဲ့ ကမ္ဘာ့စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဒီပွဲမတိုင်ခင်က လက်ရွေးစင်အသင်းအတွက် ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက (၅၉)ကြိမ်နဲ့ ရပ်တည်နေခဲ့တာဖြစ်ပြီး အခု မက်ဆီက နေမာကို ကျော်ဖြတ်ခဲ့တာပါ။
မက်ဆီဟာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်း နှစ်မျိုးပေါင်း ဂိုးဖန်တီးမှု (၃၉၈)ကြိမ် ရှိသွားခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအတွက် (၂၆၉)ကြိမ်၊ PSG အတွက် (၃၄)ကြိမ်၊ အင်တာမိုင်ယာမီအတွက် (၃၅)ကြိမ်၊ အာဂျင်တီးနားအတွက် အကြိမ်(၆၀) ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ ပွဲအများဆုံးကစားသမား၊ ဂိုးအများဆုံးကစားသမား၊ ဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူပါ။

မူရင်းသတင်း — Eleven Media Group