Eleven Media Group

အင်ဒိုနီးရှားနိုင်ငံမှာ အားကစားပြိုင်ပွဲတွေ ကျင်းပခွင့်မပြုဖို့ နိုင်ငံတကာအားကစားအဖွဲ့ချုပ်တွေကို IOC ညွှန်ကြား

Photo: Reuters

အစ္စရေးကျွမ်းဘားအသင်းကို ပြည်ဝင်ခွင့်ဗီဇာခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့နောက် အင်ဒိုနီးရှားနိုင်ငံမှာ အားကစားပြိုင်ပွဲတွေ လက်ခံကျင်းပခွင့်မပြုဖို့ နိုင်ငံတကာအားကစားအဖွဲ့ချုပ်များတွေကို အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) က ညွှန်ကြားထားကြောင်း သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ချန်ပီယံရှစ်ကျွမ်းဘားအလှပြိုင်ပွဲမှာ အစ္စရေးအသင်းကို ပြည်ဝင်ခွင့်ဗီဇာခွင့်ပြုဖို့ အင်ဒိုနီးရှားအစိုးရက ငြင်းဆန်ခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်နိုင်ငံတွေထဲမှာ လူဦးရေအများဆုံးဖြစ်ပြီး အစ္စရေးက ဂါဇာကို စစ်ရေးအရ တိုက်ခိုက်နေမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးအသင်းကို ပြည်ဝင်ခွင့်ဗီဇာခွင့်ပြုဖို့ ငြင်းဆန်ခဲ့တာပါ။
ဒါကြောင့် အခုတစ်ပတ်ပြုလုပ်တဲ့ IOC အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးမှာ အင်ဒိုနီးရှားကို ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါဆုံးဖြတ်ချက်အရ အနာဂတ်ကာလမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲ၊ လူငယ်အိုလံပစ်ပြိုင်ပွဲ၊ အိုလံပစ်အခမ်းအနားနဲ့ ဆွေးနွေးပွဲတွေအတွက် အင်ဒိုနီးရှားအိုလံပစ်ကော်မတီနဲ့ ဆွေးနွေးမှုလုံးဝမပြုလုပ်ဖို့၊ အင်ဒိုနီးရှားအာဏာပိုင်အဖွဲ့အနေနဲ့ နိုင်ငံသားမခွဲခြားဘဲ ပါဝင်ယှဉ်ပြိုင်သူအားလုံး နိုင်ငံအတွင်း ဝင်ရောက်ခွင့်ရစေမယ့် လုံလောက်တဲ့ အာမခံချက်မပေးနိုင်မချင်း အဆိုပါတားမြစ်ချက်ကို ဆက်လက်ထားရှိဖို့၊ အင်ဒိုနီးရှားမှာ နိုင်ငံတကာအားကစားပြိုင်ပွဲနဲ့ ဆွေးနွေးပွဲတွေ လက်ခံကျင်းပခွင့်မပြုဖို့ စတဲ့အချက်တွေ ပါဝင်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group