
အင်္ဂလန်လက်ရွေးစင် နောက်ခံလူဟောင်း ဂျွန်တယ်ရီက ကစားသမားဘဝမှာ ဆယ်စုနှစ် နှစ်ခုနီးပါးကစားခဲ့ဖူးတဲ့ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခွင့်ရရေးဟာ အိပ်မက်တစ်ခုဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
တယ်ရီ (၄၄ နှစ်)ဟာ ကစားသမားဘဝက အနားယူပြီးနောက် အက်စတွန်ဗီလာနဲ့ လက်စတာအသင်းတွေမှာ လက်ထောက်နည်းပြ၊ ချယ်လ်ဆီးအသင်းမှာ အကယ်ဒမီနည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
တယ်ရီဟာ League One ကလပ်အသင်းတွေရဲ့ ချဉ်းကပ်ခြင်းခံခဲ့ရဖူးပေမဲ့ လက်မခံခဲ့တာကြောင့် လက်ရှိအချိန်အထိ နည်းပြအဖြစ် ဆောင်ရွက်ခွင့်မရသေးတာပါ။
ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခွင့်ရရေး ရည်မှန်းချက်နဲ့ ပတ်သက်ပြီး တယ်ရီက ''ရိုးသားစွာပြောရရင် ဒါက ဘယ်တော့ဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒီအသင်းမှာ အောင်မြင်မှုရဖို့က ကျွန်တော့်ရဲ့ နောက်ဆုံးအိပ်မက်တစ်ခုပါ။ ကျွန်တော် ချယ်လ်ဆီးအသင်းမှာ အားလုံး လုပ်ခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ နည်းပြအနေနဲ့ အောင်မြင်မှုရယူချင်ပါတယ်'' လို့ Tik Tok ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။
တယ်ရီဟာ လက်ရှိအချိန်မှာ ချယ်လ်ဆီးအကယ်ဒမီမှာ အချိန်ပိုင်းနည်းပြအဖြစ် လုပ်ကိုင်နေကြောင်းလည်း သိရပါတယ်။