Eleven Media Group

အီဆက်ခ်ရဲ့ ပေါင်ခြံဒဏ်ရာ မပြင်းထန်စေဖို့ မျှော်လင့်ကြောင်း အာနယ်ဆလော့ ပြောကြား

Photo: X

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ဖရန့်ဖတ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ လူစားလဲခဲ့ရတဲ့ တိုက်စစ်မှူး အီဆက်ခ်ရဲ့ ပေါင်ခြံဒဏ်ရာ မပြင်းထန်စေဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဆွီဒင်လက်ရွေးစင်ကစားသမား အီဆက်ခ် (၂၆ နှစ်) ဟာ ဒီနှစ် နွေရာသီမှာ နယူးကာဆယ်ကနေ လီဗာပူးလ်အသင်းကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။
ဒါပေမဲ့ အီဆက်ခ်ဟာ လီဗာပူးလ်အသင်းကို ရောက်ရှိလာကတည်းက ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာ ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လေးပွဲ၊ လိဂ်ဖလားပြိုင်ပွဲမှာ တစ်ပွဲ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သုံးပွဲ ကစားခွင့်ရထားပေမဲ့ လိဂ်ဖလားပွဲစဉ်မှာ တစ်ဂိုးသာသွင်းယူထားနိုင်ပါတယ်။
ဒါ့အပြင် အီဆက်ခ်ဟာ ဖရန့်ဖတ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။
အီဆက်ခ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဆလော့က ''အဲလက်စ်က ပွဲတစ်ဝက်မှာပဲ ထွက်သွားရတယ်။ ဒါက သူတောင်းဆိုတာ မဟုတ်ပါဘူး။ သူက ပေါင်ခြံမှာ ခံစားနေရတယ်။ ဒါကြောင့် အရမ်းမဆိုးစေဖို့ မျှော်လင့်ရမှာပါ။ အဲဒီလောက် ဆိုးစရာမလိုဘူးလို့လည်း ကျွန်တော်မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရက်သတ္တပတ်တချို့ မကစားနိုင်ဘူးဆိုရင် သူ့ကို ပြန်ပြီးချန်ထားရဦးမှာပါ။ ဒါကို ဘယ်လိုပြောရမလဲ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ သူရှိနေတဲ့အချိန်မှာလည်း ဟန်ချက်ညီဖို့ ခက်ခဲခဲ့ပါတယ်။ သူရောက်လာချိန်မှာ ခက်ခက်ခဲခဲလေ့ကျင့်ခဲ့ရတယ်။ ခင်ဗျားက ကစားသမားတွေကို တစ်ပတ်မှာ တစ်ပွဲကစားဖို့ ပြင်ဆင်ပေးရပါတယ်။ ဒါပေမဲ့ လီဗာပူးလ်မှာဆိုရင်တော့ သုံးရက်တစ်ပွဲ၊ ရှစ်ရက်မှာ သုံးပွဲကစားရတာက ပုံမှန်ပါပဲ။ အဲဒါအတွက် ပြင်ဆင်ဖို့ ကြိုးစားရမှာဖြစ်ပြီး ရာသီကြိုကာလမှာ မရှိခဲ့ဘူးဆိုရင် ဒါက အမြဲတမ်း မလွယ်ကူပါဘူး။ သူက ရာသီကြိုကာလကို လွဲချော်ခဲ့ပြီး အသင်းနဲ့လည်း အချိန်အကြာကြီး လေ့ကျင့်မှု မလုပ်နိုင်ခဲ့ပါဘူး'' လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group