Eleven Media Group

မေဂျာလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်ခဲ့ပြီး မက်ဆီ နှစ်ရာသီဆက်ရရှိရန် ရေပန်းစားနေ

Photo: MLS

၂၀၂၅ ရာသီ မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၅)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီက နှစ်ရာသီဆက်ရရှိဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။
ဆန်ခါတင်ကစားသမား (၅)ဦးစာရင်းမှာ မက်ဆီနဲ့အတူ ဒင်းနစ်ဘူအန်ဂါ(LA FC)၊ ဒရီယာ (ဆန်ဒီယေဂို)၊ အီဗန်ဒါ(စီစင်နတီ)၊ ဆမ်ဆာရစ်ချ်(နက်ရှ်ဗီးလ်)တို့ ပါဝင်ခဲ့ပြီး မက်ဆီနဲ့ ဘူအန်ဂါတို့ အဓိကအပြိုင်လုရဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေပါတယ်။
မက်ဆီဟာ ၂၀၂၅ ရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ၂၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၉ ကြိမ်ပြုလုပ်ခဲ့ပြီး ဘူအန်ဂါက ၂၄ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ရာသီကလည်း မေဂျာလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာကြောင့် ဒီရာသီမှာ ထပ်ရခဲ့ရင် ဒီဆုကို နှစ်ရာသီဆက်ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။
မေဂျာလိဂ်ဟာ အကောင်းဆုံးကစားသမားဆုအပြင် တခြားဆုအမျိုးအစားများစွာကိုလည်း ချီးမြှင့်သွားမှာဖြစ်ပြီး အဲဒီဆုတွေအတွက် ဆန်ခါတင်စာရင်းတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group