
အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရတာက ဒီရာသီအတွက် တန်ဖိုးအကြီးဆုံးနိုင်ပွဲလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)မှာ အာဆင်နယ်က ပဲလေ့စ်ကို (၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး တစ်လုံးတည်းသောအနိုင်ဂိုးကို ပဲလေ့စ်ကစားသမားဟောင်း အက်ဇေးက သွင်းယူပေးခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ မန်စီးတီးနဲ့ မန်ယူကို (၆)မှတ်၊ လီဗာပူးလ်ကို (၇)မှတ်၊ ချယ်လ်ဆီးကို (၈)မှတ်ဖြတ်နိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် မျှော်လင့်ချက်တွေ ပိုမိုတောက်ပလာစေခဲ့ပါတယ်။
ဒီနိုင်ပွဲက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၇၀၀)ပြည့်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၁၀)ပွဲဆက်ရှုံံးပွဲမရှိတဲ့မှတ်တမ်း၊ နောက်ဆုံး(၇)ပွဲဆက် အနိုင်ရတဲ့မှတ်တမ်း၊ နောက်ဆုံး(၅)ပွဲဆက် ပေးဂိုးမရှိတဲ့မှတ်တမ်းတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
''ဒီနိုင်ပွဲက ဒီရာသီ တခြားနိုင်ပွဲတွေထက် ပိုပြီးတန်ဖိုးရှိတယ်လို့ ကစားသမားတွေကို ကျွန်တော် ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိနေတာကြောင့်ပါ။ ကျွန်တော့်အမြင်မှာ သူတို့က လတ်တလောအကောင်းဆုံးတွေထဲက တစ်သင်းပါ။ သူတို့က ခင်ဗျားကို ဖျက်ဆီးနိုင်စွမ်းရှိနေပြီး ခင်ဗျားအနေနဲ့ အာရုံစူးစိုက်မှုမရှိရင် ဒဏ်ခတ်နိုင်စွမ်းရှိနေတာလည်း သေချာပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။