
ရီးယဲလ်မက်ဒရစ်နည်းပြ ရှာဘီအလွန်ဆိုက ဘာစီလိုနာနဲ့ပွဲမှာ လူစားလဲခံရချိန် ဗင်နီစီယပ်စ် ပြုမူခဲ့တဲ့ အပြုအမူတွေအတွက် သီးသန့်တွေ့ဆုံပြီး စကားပြောဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ တနင်္ဂနွေနေ့က ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ El Clasico ပွဲမှာ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပွဲချိန်(၇၂)မိနစ်မှာ ဗင်နီစီယပ်စ်နေရာ ရိုဒရီဂိုကို လူစားလဲကစားစေခဲ့တာပါ။
ဒီလိုလူစားလဲခံရတဲ့အတွက် ဗင်နီစီယပ်စ်က ဒေါသပေါက်ကွဲခဲ့ပြီး အလွန်ဆိုရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ အပြုအမူတွေ ပြသခဲ့တဲ့အပြင် အဝတ်လဲခန်းထဲ ထွက်ခွာသွားပြီးမှ ကွင်းအတွင်း ပြန်ဝင်လာခဲ့ကြောင်းလည်း သိရပါတယ်။
ဒါကြောင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အလွန်ဆိုက ''ကျွန်တော် ပွဲထဲက အပေါင်းလက္ခဏာဆောင်တဲ့အရာများစွာကိုပဲ အာရုံစိုက်သွားမှာပါ။ ပြီးတော့ ဗင်နီဆီက ရရှိတဲ့ ကောင်းသောအရာတွေကိုရောပေါ့။ ဗင်နီရဲ့ တုံ့ပြန်ပုံနဲ့ ပတ်သက်ပြီးတော့လည်း စကားပြောသွားမှာပါ။ ဒါပေမဲ့ တကယ်အရေးကြီးတဲ့အရာထက် ဒါကို မီးမောင်းထိုးမပြချင်ပါဘူး။ ဗင်နီက အကူအညီအများကြီးပေးနိုင်ခဲ့ပါတယ်။ ဒါက အရေးကြီးပါတယ်။ ထိုက်တန်တဲ့နိုင်ပွဲက အရေးကြီးပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ပွဲအပြီးမှာ နှစ်ဖက်ကစားသမားတွေကြား အချင်းများမှုတွေ ရှိခဲ့ပြီး အဲဒီဖြစ်ရပ်မှာ ဗင်နီစီယပ်စ်ဟာ အဝါကတ်ပြခံခဲ့ရကြောင်းလည်း သိရပါတယ်။