
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဟာ ဆားဘီးယားကွင်းလယ်ကစားသမား မီလင်ကိုဗစ်ဆာဗစ်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
မီလင်ကိုဗစ်(၃၀ နှစ်)ဟာ ၂၀၂၃ နွေရာသီမှာ လာဇီယိုကနေ အယ်လ်ဟီလာအသင်းကို ယူရိုသန်း(၄၀)နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အယ်လ်ဟီလာအသင်းက သက်တမ်းတိုးခဲ့တာပါ။
အယ်လ်ဟီလာအသင်းမှာ လစာအဖြစ် တစ်နှစ်ယူရို(၂၅)သန်းရရှိနေတဲ့ မီလင်ကိုဗစ်ဟာ လာမယ့်ဇန်နဝါရီမှာ ဥရောပကို ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ပေမဲ့ အယ်လ်ဟီလာအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ဟီလာအသင်းက မီလင်ကိုဗစ်ဟာ အသင်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အဆင့်အတန်းမျိုးဖြစ်လာအောင် ကူညီပေးနိုင်တဲ့သူဖြစ်တာကြောင့် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
မီလင်ကိုဗစ်ဟာ အယ်လ်ဟီလာအသင်းအတွက် ပြိုင်ပွဲစုံ (၁၁၀)ပွဲကစားပြီး (၃၃)ဂိုး သွင်းယူပေးထားကြောင်း သိရပါတယ်။