
မန်စီးတီးနည်းပြ ဂွါဒီယိုလာက လူငယ်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ အနှေးနဲ့အမြန်ဆိုသလို အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမား ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်(၂၃ နှစ်)ကို ဒီနှစ်နွေရာသီမှာ ဘန်လေကနေ ပေါင်(၃၁)သန်းနဲ့ ခေါ်ယူခဲ့ပေမဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာရောက်လာတာကြောင့် ဂျိမ်းစ်ထရက်ဖို့ဒ်ကို ဒုတိယဂိုးသမားအဖြစ်သာ နေရာပေးခဲ့ပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာက ''ဂိုးသမားဆိုတာ ထူးခြားတဲ့ အခြေအနေမှာ ရှိပါတယ်။ တစ်ဦးက ပုံမှန်ကစားနေရရင် ဒုတိယတစ်ယောက်က မကစားရပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာကတော့ သူ့(ဂျိမ်းစ်ထရက်ဖို့ဒ်)ရဲ့ လေ့ကျင့်ရေးကွင်းက လုပ်ဆောင်ပုံတွေကို ကျွန်တော်တို့ ကျေနပ်တယ်ဆိုတာပါပဲ။ သူက အနှေးနဲ့အမြန်ဆိုသလို အင်္ဂလန်အသင်းရဲ့ နံပါတ်(၁)ဖြစ်လာမှာပါ။ အသင်းမှာ သူနဲ့ ဒွန်နာရမ်မာတို့ အပြန်အလှန်သင်ယူကြမှာလည်း သေချာပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ လိဂ်ဖလားတတိယအဆင့် ဟတ်ဒါဖီးလ်နဲ့ပွဲမှာ ကစားခွင့်ရခဲ့သလို၊ ဒီညယှဉ်ပြိုင်ရမယ့် စတုတ္ထအဆင့် ဆွမ်ဆီးနဲ့ပွဲမှာလည်း ကစားခွင့်ရဖွယ်ရှိကြောင်း သိရပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ကစားသမား(၃၃)ဦး စတင်ရွေးချယ်ချိန်မှာ ပါဝင်ခဲ့ပေမဲ့ (၂၆)ဦးစာရင်းဖြတ်ချိန်မှာ ချန်လှပ်ခံခဲ့ရပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားဖူးခြင်း မရှိသေးပါဘူး။