Eleven Media Group

■ ဘားအံ - ကော့ကရိတ်ကားလမ်းဘေးရှိ ရတနာမြေ (၂) စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

ကရင်ပြည်နယ် ဘားအံမြို့ အမှတ် (၉) ရပ်ကွက် ဘားအံ - ကော့ကရိတ်ကားမ်းဘေးရှိ ရတနာမြေ (၂) စက်သုံးဆီအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဘားအံခရိုင် မီးသတ်ဦးစီးဌာနမှထံမှ သိရသည်။

အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်ခန့်က အဆိုပါ ဘားအံမြို့ အမှတ် (၉) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရတနာမြေ (၂) စက်သုံးဆီအရောင်းဆိုင်တွင် ဆီဘောက်ဆာယာဉ်ဖြင့် စက်သုံးဆီများ ချပြီး ဆီလှယ်နေစဉ် မီးစွဲလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘားအံခရိုင ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

ထိုစက်သုံးဆီအရောင်ဆိုင်မီးလောင်မှုအား ကရင်ပြည်နယ် ဘားအံခရိုင်နှင့် ဘားအံမြို့နယ် မီးသတ်ဦးစီးဌာနများမှ မီးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားကြောင်းလည်း ၎င်းက ဆိုသည်။

မီးလောင်မှုကြောင့် ဆီဘောက်ဆာယာဉ်တစ်စီးနှင့် စက်သုံးဆီများ၊ ဆီပန့် နှစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အမျိုးသားတစ်ဦး၏ လက်တွင် မီးဟပ်သည့်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

Photo Credit - MFSD

မူရင်းသတင်း — Eleven Media Group