
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ပွဲစဉ်(၁၀)ရဲ့ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၈)ဦးစာရင်းကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ ဒီနေ့ညနေ နောက်ဆုံးထားပြီး မဲပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
ဆန်ခါတင်စာရင်းမှာ ပါဝင်သူတွေကတော့ ကိုင်စီဒို(ချယ်လ်ဆီး)၊ ဒီယေဂိုဂိုးမက်ဇ်(ဘရိုက်တန်)၊ ဟာလန်း(မန်စီးတီး)၊ ဂျက်ဖာဆန်လာမာ(ပဲလေ့စ်)၊ ဖရက်ဒီပေါ့တ်စ်(ဝက်စ်ဟမ်း)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ ဆီဆက်ဂနွန်(ဖူလ်ဟမ်)၊ ဆိုဘိုဆလိုင်း(လီဗာပူးလ်)တို့ ဖြစ်ပါတယ်။
ဆန်ခါတင်စာရင်းထဲ ပါဝင်နေတဲ့ ကစားသမားတွေထဲမှာ ဆိုဘိုဆလိုင်းက ပွဲစဉ်(၃)ရဲ့ အကောင်းဆုံးဆု၊ ဟာလန်းက ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးဆု၊ ကိုင်စီဒိုက ပွဲစဉ်(၇)ရဲ့ အကောင်းဆုံးဆုတွေ ရရှိထားပြီး ကျန်ကစားသမားတွေကတော့ ရရှိဖူးခြင်းမရှိသေးပါဘူး။
ဟာလန်း၊ ဒီယေဂိုဂိုးမက်ဇ်၊ ဒက်ကလန်ရိုက်စ်နဲ့ ကိုင်စီဒိုတို့ဟာ ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယား ရွေးချယ်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ရဲ့ အကောင်းဆုံးအသင်း (၁၁)ဦးစာရင်းမှာလည်း ပါဝင်နေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရသူကို ဒီနေ့ညမှာ ကြေညာမယ်လို့လည်း သိရပါတယ်။