
အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံ(၈)ပွဲဆက် ပေးဂိုးမရှိနိုင်ပွဲရခဲ့တာကြောင့် ၁၉၀၃ ခုနှစ်က စွမ်းဆောင်ခဲ့တဲ့ အသင်းရဲ့ စံချိန်ဟောင်းကို လိုက်မီခဲ့ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ(၁၀)ဆက် အနိုင်ရရှိခဲ့တဲ့အနက် နယူးကာဆယ်နဲ့တစ်ပွဲသာ ဂိုးပေးခဲ့ရသလို၊ နောက်ဆုံး(၈)ပွဲဆက်တိုက် ဂိုးမပေးရဘဲ Clean Sheet ရလဒ်တွေနဲ့ အနိုင်ရခဲ့တာပါ။
အဲဒီ(၈)ပွဲမှာ အနိုင်ရခဲ့တဲ့အသင်းတွေက အိုလံပီယာကော့စ်၊ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်၊ အက်သလက်တီကို၊ ခရစ္စတယ်ပဲလေ့စ်၊ ဘရိုက်တန်၊ ဘန်လေနဲ့ ဆလားဗီးယားပရပ်ဂ်တို့ဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ (၁၇)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အင်္ဂလန်ဒုတိယတန်းမှာ ယှဉ်ပြိုင်ကစားစဉ် ၁၉၀၃ ခုနှစ်တုန်းက ၁၉၀၂-၀၃ နဲ့ ၁၉၀၃-၀၄ နှစ်ရာသီဆက် ဂိိုးမပေးရဘဲ (၈)ပွဲဆက်အနိုင်ရရှိခဲ့ဖူးတာကြောင့် အခု အဲဒီစံချိန်ကို လိုက်မီသွားခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန်ဘောလုံးလောကရဲ့ အမြင့်ဆုံးအဆင့်ပြိုင်ပွဲဝင်အသင်းတွေထဲမှာ (၈)ပွဲဆက် ပေးဂိုးမရှိအနိုင်ရတဲ့ စံချိန်တင်ထားတဲ့ ပရက်စတန်(၁၈၈၉)နဲ့ လီဗာပူးလ်(၁၉၂၀)တို့ရဲ့ စံချိန်တွေကို လိုက်မီခဲ့ကြောင်းလည်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ (၂၁)ရာစုအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာသီအစ(၄)ပွဲဆက်တိုက် ပေးဂိုးမရှိအနိုင်ရတဲ့ ပထမဆုံးအင်္ဂလန်ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။