
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်အနေနဲ့ မိမိရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လေးစားမှုရှိရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာ အယ်လ်ဘေးနီးယားကို (၂-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု ရရှိအောင် ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ မော်ဂန်ရော်ဂျာစ်နဲ့ လူစားလဲခံရချိန်မှာ မကျေနပ်တဲ့အမူအရာ ပြသခဲ့တာကြောင့် တူဟယ်လ်က အခုလိုပြောကြားခဲ့တာပါ။
''ဒီဆုံးဖြတ်ချက်ကို သူ လက်ခံရမှာပါ။ သူ့သူငယ်ချင်းက ကွင်းဘေးမှာ စောင့်နေပါပြီ။ ဒါကြောင့် သူ လက်ခံဖို့ လိုအပ်ပါတယ်။ လေးစားမှုရှိဖို့လည်း လိုအပ်ပါတယ်။ သူ မပျော်ရွှင်တာကိုတော့ မြင်တွေ့ရပါတယ်။ ဒါကို ကျွန်တော် ပိုကြီးမားအောင် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ အပြုအမူက အရေးကြီးပါတယ်'' လို့ တူဟယ်လ်က ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ အယ်လ်ဘေးနီးယားကို အနိုင်ရခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ မှာ (၈)ပွဲစလုံး အနိုင်ရရှိခဲ့တဲ့အပြင် ပေးဂိုးလည်း မရှိခဲ့ပါဘူး။
ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ် ကိုင်တွယ်တဲ့ သက်တမ်းအတွင်းမှာတော့ ခြေစမ်းပွဲမှာ ဆီနီဂေါကို ရှုံးနိမ့်ခဲ့တာကလွဲရင် ကျန်တဲ့(၉)ပွဲစလုံး အနိုင်ရရှိခဲ့ပါတယ်။