
စပိန်သတင်းစာ AS က ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်မယ်လို့ ဖော်ပြခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဇီဒန်းဟာ နည်းပြဘဝမှာ ရီးယဲလ်မက်ဒရစ်တစ်သင်းတည်းကိုသာ ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၂၁ ခုနှစ်ကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။
ဒါပေမဲ့ နည်းပြလောကထဲ သေချာပေါက်ပြန်လည်ဝင်ရောက်မှာဖြစ်ကြောင်း ပြောကြားခဲ့ဖူးသလို၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ သိပ်မကြာခင်မှာ နည်းပြအဖြစ် ပြန်လည်လုပ်ဆောင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။
AS ကတော့ ဇီဒန်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြင်သစ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းကို လက်ရှိအချိန်မှာ ဇီဒန်းရဲ့အသင်းဖော်ဟောင်း ဒေးရွှမ့်က ကိုင်တွယ်နေပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိသာ စာချုပ်ချုပ်ဆိုထားသလို၊ စာချုပ်ကုန်ချိန်မှာ လမ်းခွဲမယ်လို့ အတည်ပြုထားပြီးလည်းဖြစ်ပါတယ်။
ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား (၃)ရာသီဆက်ရယူပေးနိုင်ခဲ့တာကြောင့် နည်းပြအဖြစ် ခန့်အပ်ချင်တဲ့ ထိ်ပ်သီးအသင်းများစွာရှိနေခဲ့ပေမဲ့ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့သာ ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်းလည်း AS က ဖော်ပြခဲ့ပါတယ်။