Myanmar Transparency News

ယုဇနပလာဇာအနီး နှင်းဆီလမ်းရှိ အထည်ဆိုင်မီးလောင်မှု မီးစက်နှိုးပြီး ပါဝါဘဏ်အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်သည်ဟု စစ်ဆေးတွေ့ရှိ

၈. ၄.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ယုဇနပလာဇာအနီး၊ နှင်းဆီလမ်းရှိ ၂ ခန်းတွဲ ၉ ထပ်တိုက်၏ ပထမထပ်ညာဘက်အခန်းရှိ Spike Sale Center အထည်ဆိုင်တွင် ဧပြီလ ၇ ရက် ညနေ ၃ နာရီ ၄၆ မိနစ်ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ မီးစက်နှိုးပြီး ပါဝါဘဏ်အားသွင်းထားရာမှ အပူအလွန်ကဲ၍ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏အတည်ပြုချက်အရ သိရသည်။

“မီးပျက်နေတဲ့အချိန်မှာ မီးစက်နှိုးပြီး ပါဝါဘဏ် (Power Bank)ကို အားသွင်းထား​တာ။ ဝါယာကြိုးတွေ အပူလွန်ရာကနေ မီးပွားထွက်ပြီး အောက်မှာရှိတဲ့ အဝတ်အိတ်တွေပေါ်ကို ကျရာကနေတဆင့် မီးစလောင်တယ်လို့ သိရပါတယ်”ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

၃၅ မိနစ်ခန့်ကြာမြင့်ခဲ့သော မီး​လောင်မှုကြောင့် အဝတ်အိတ် ၂၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၁၀ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အထည်ဆိုင်မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၅၃ နှစ်အရွယ် ဆိုင်မန်နေဂျာ ဒေါ်လွင်လွင်မိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News