Eleven Media Group

■ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အား လုံလောက်စွာသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် ရထားပို့ဆောင်ရေးအချို့လမ်းကြောင်းများတွင် ဘတ္ထရီစနစ်သုံး ရထားခေါင်းတွဲများကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်အသုံးပြုနိုင်ရေး အားပေးဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

■ ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်း ထည့်သွင်းတည်ဆောက်သွားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန်လိုဟု ဆို

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အား လုံလောက်စွာသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် ရထားပို့ဆောင်ရေးအချို့လမ်းကြောင်းများတွင် ဘတ္ထရီစနစ်သုံး ရထားခေါင်းတွဲများကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်အသုံးပြုနိုင်ရေး အားပေးဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းရုံ (မလွှကုန်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတက ပြည်တွင်း၌ အရည်အသွေး ပိုမိုကောင်းမွန်သည့် မီးရထားစက်ခေါင်းများ ထုတ်လုပ်အသုံးပြုနိုင်ရေး အမြဲသုတေသနပြု ဆောင်ရွက်နေရန်လိုကြောင်း၊ စက်ပစ္စည်းများကို ထုတ်လုပ်ရာတွင် လက်ရာသေသပ်ကောင်းမွန်ပြီး ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားဝန်ထမ်းများ အဆင့်မီမီ နေထိုင်နိုင်ရေး ဝန်ထမ်းလိုင်းခန်းများအား စနစ်တကျ ဆောက်လုပ်ပေးသွားရန်လိုကြောင်း ပြောကြားသည်။

တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် သတ်မှတ်ထားသည့်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနွေးငွေ့စက်ခေါင်းများအား မူလပုံစံမပျက် ပြန်လည်ပြင်ဆင်ထိန်းသိမ်း၍ ပြေးဆွဲပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် လမ်းခင်းကျောက်များ ပြည့်မီအောင် ထည့်သွင်းဆောင်ရွက်ရန်နှင့် ဇလီဖားတုံးများကိုလည်း စနစ်တကျ ထည့်သွင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားပြေးဆွဲနိုင်ခြင်းမရှိသေးသည့် ရထားလမ်းများကိုလည်း ရထားများ ပြန်လည်ပြေးဆွဲမည်ဆိုပါက အဆင်သင့်ဖြစ်နေစေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားစက်ခေါင်းများအား သတ်မှတ်ထားသည့် မောင်းနှင်ချိန်များအလိုက် စစ်ဆေးပြုပြင်ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ရထားပို့ဆောင်ရေးသည် လူအများအပြားအသုံးပြုကြသည်ဖြစ်သဖြင့် ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန်များ တိကျမှန်ကန်မှုရှိစေရေး စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူစီးရထားတွဲများအား အမြဲသန့်ရှင်းသပ်ရပ်မှုရှိနေစေရေးနှင့် ခရီးသည်များ စည်းကမ်းရှိရှိ စီးနင်းလိုက်ပါနိုင်ရေး၊ အဆင့်မီမီ သက်တောင့်သက်သာ စီးနင်းအသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့အပြင် ရထားပို့ဆောင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးမှာကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အား လုံလောက်စွာသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသဖြင့် ရထားပို့ဆောင်ရေးအား အချို့လမ်းကြောင်းများတွင် ဘတ္ထရီစနစ်သုံး ရထားခေါင်းတွဲများကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ကာ အသုံးပြုနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အသွားအလာများပြားသည့် ရထားလမ်းကူးနေရာများ၌ ရထားလမ်းကုန်းကျော်တံတားများ မဖြစ်မနေ တည်ဆောက်သွားရန်နှင့် ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်း ထည့်သွင်းတည်ဆောက်သွားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ရထားလမ်းများ ဖောက်လုပ်ခြင်း၊ ရထားတွဲများ တည်ဆောက်ခြင်းနှင့် ရထားပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများ ဆောင်ရွက်ရာတွင် နောင်ဖြစ်လာမည့် နည်းပညာပိုင်းအရ လိုအပ်ချက်များကို ကြိုတင်စဉ်းစား လျာထားတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နောင်အနာဂတ်ကာလတွင် လျှပ်စစ်ဓာတ်အားအသုံးပြု၍ ရထားတွဲများ ပြေးဆွဲနိုင်ရေးအတွက်လည်း ကြိုတင်လျာထား ဆောင်ရွက်သွားရန်လိုကြောင်း၊ DEMU ရထားတွဲများကိုလည်း ပြည်တွင်း၌ မိမိတို့ကိုယ်ပိုင်ဒီဇိုင်းဖြင့် တိုးချဲ့တပ်ဆင်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပမှ ရထားတွဲတည်ဆောက်မှု နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိတို့နိုင်ငံ၏ ရထားတွဲတည်ဆောက်မှုများ ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထား လမ်းကူးတံတားများ ကောင်းမွန်စေရေးအတွက် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒီဇယ်စက်ခေါင်းရုံ (မလွှကုန်း) အတွင်း ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိသည့် DEMU ရထားတွဲဆိုင်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group