
ပြင်ဦးလွင်၊ အနီးစခန်းရှိ ဓာတ်တော်ချိုင့် ရေတံခွန်တွင် ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက လာရောက်လည်ပတ်သူ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ခြေချော်ပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည် ။
ပြင်ဦးလွင်နှင့်အနီးဝန်းကျင်လည်ပတ်စရာနေရာများတွင် ဒုတိယဝါဆိုလပြည့်နေ့ဖြစ်၍ လာရောက်လည်ပတ်သူများပြားခဲ့ပြီး ဓာတ်တော်ချိုင့် ရေတံခွန်တွင် ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ခြေချော်ကျမှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့များ သွားရောက်၍ ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် မိန်းကလေး၏ ရုပ်အလောင်းကို ရှာဖွေဆယ်ယူရရှိခဲ့ကြောင်း သိရသည် ။
" မွန်းလွဲ ၃ နာရီလောက်က ဖြစ်တာပေါ့ ။ ကောင်မလေးက မန္တလေး အောင်ပင်လယ်ဖက်ကတဲ့။ သူငယ်ချင်းတွေနဲ့လာလည်ကြရင်း ပြေးသွားတာ ခြေချော်ပြုတ်ကျသွားတာလို့ သိရတယ် ။ အဲ့ကောင်မလေးရဲ့ ဘော်ဒီကို မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ သန္တိသုခလူမှုကူညီရေးအသင်းတို့ ဆယ်ယူပြီး ပြင်ဦးလွင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ် " ဟု သွားရောက် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် သန္တိသုခလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
■ ဓာတ်ပုံ - သန္တိသုခလူမှုကူညီရေးအသင်း