Eleven Media Group

ပဲခူးမြစ်ရေတိုးလာသည့်အတွက် မြေနိမ့်ပိုင်းဒေသများတွင် မြစ်ရေဝင်ရောက်မှုရှိနေ

ပဲခူးမြစ်ရေတိုးလာသည့်အတွက် မြေနိမ့်ပိုင်းဒေသများတွင် မြစ်ရေဝင်ရောက်မှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယနေ့ ဇူလိုင်လ (၂၉) ရက်နေ့ နံနက် (၇) နာရီအချိန်အထိ ပဲခူးမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းဒေသများတွင် မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"မြို့သစ်ရပ်ကွက်ရှိ မြေနိမ့်ပိုင်းဒေသများတွင် ရေအနက် (၄) ပေလောက်ရှိနေပြီး၊ ကျောက်ကြီးစုရပ်ကွက်ဘက်မှာလည်း မြေနိမ့်ပိုင်း‌နေရာတွေမှာလည်း ရေအနက် (၂) ပေလောက်ရှိနေတယ်" ဟု ဒေသခံတစ်ဦးကပြောကြားသည်။

ထို့အတူ မင်္ဂလာလမ်းမပေါ်တွင်လည်း ရေအနက် (၂) ပေခန့်၊ ကလျာဏီရပ်ကွက်အတွင်း မြေနိမ့်ပိုင်းနေရာများဖြစ်သော နယ်မြေ (၄)၊ (၆)၊ (၁၆) နှင့် (၂၁) တို့တွင်လည်း ရေအနက် (၂) ပေခန့် ဝင်ရောက်လျက်ရှိကြောင်း နှင့် မိုးဆက်လက်ရွာသွန်းပါက မြစ်ရေထပ်တက်လာနိုင်ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ထို့အပြင် ကွက်သစ်လမ်းများ၊ နတ်စဉ်ပိုင်းလမ်းနှင့် ပတ္တမြားလမ်းတို့တွင် ရေတက်ရောက်မှုများ ရှိနေကြောင်း နှင့် မြို့သစ်ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေအနက်ဆုံးနေရာများတွင် ရေအမြင့် (၄) ပေ (၆) လက်မခန့်အထိ ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပဲခူးမြစ်ရေအခြေအနေမှာ စိုးရိမ်ရေ အမှတ်မှာ (၈၈၀) စင်တီမီတာရှိပြီး ယနေ့ ဇူလိုင်လ (၂၉) ရက် မွန်းလွဲ (၁၂) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်များအရ ပဲခူးမြစ်ရေ အမှတ်မှာ (၈၅၃) စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အောက် (၂၇) စင်တီမီတာတွင် ရှိနေသေးကြောင်း သိရသည်။

အလားတူ ဇောင်းတူမြစ်၏ စိုးရိမ်ရေ အမှတ်မှာ (၉၀၀) စင်တီမီတာဖြစ်ပြီး လက်ရှိမြစ်ရေ အမှတ်မှာ (၅၆၉) စင်တီမီတာရှိကာ စိုးရိမ်ရေ အမှတ်အောက် (၃၃၁) စင်တီမီတာတွင် ရှိနေကြောင်း သိရသည်။

သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက မြစ်ရေအခြေအနေနှင့် ရေကြီးရေလျှံမှု အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်သည့် ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group