
အရှေ့အလယ်ပိုင်းစစ်ပွဲ အရှိန်ပြန်လည်တက်လာခဲ့ပြီး အီရန်၏ လက်ဝေခံအဖွဲ့များလည်း စစ်ပွဲတွင် ပြန်လည်ပါဝင်လာခဲ့ချိန် ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအား အီရန်က ဇူလိုင် ၂၉ ရက်တွင် တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကို ပြင်းထန်စွာတုံ့ပြန်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုပြောကြားခဲ့သည်။
စစ်ပွဲခေတ္တငြိမ်သက်သွားချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်မည်ဟူသောမျှော်လင့်ချက်များ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါမျှော်လင့်ချက်များ ပျက်ပြယ်သွားခဲ့ပြီးသတိပေး ချက်များ ပေါ်ထွက်လာခဲ့သည်။
ထို့ကြောင့် ကမ္ဘာ့လုံးဆိုင်ရာ ရောင်းလိုအား( global supply) ကမောက်ကမဖြစ်မည်ဟူသောစိုးရိမ်မှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ငါးရာခိုင်နှုန်းခန့် ခုန်တက်သွားခဲ့သည်။
ဇူလိုင် ၂၉ ရက်တွင် ဆော်ဒီအာရေးဗျနှင့် အမေရိကန်တို့က အီရတ်ရှိစစ်သွေးကြွ အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။
အမေရိကန်၏ မဟာမိတ်ဖြစ်သော အစ္စရေးကလည်း အီရန်ကျော ထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သည့် ဆော်ဒီအာရေးဗျနိုင်ငံက ၎င်းတို့၏ ရေနံစက်ရုံများကို အီရန်နှင့် ပူးပေါင်းထားသည့် အီရတ်လက်နက်ကိုင်အဖွဲ့များက ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု လွန်ခဲ့သည့် နှစ်ရက်ကတည်းက သတင်းထုတ်ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန်ကလည်း အမေရိကန်၏ မဟာမိတ်ဖြစ်သော ဂျော်ဒန်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် အီရန်နှင့်အီရတ် နယ်စပ်အနီးတွင် အမေရိကန်က တိုက်ခိုက်ခဲ့သည်ဟု အီရန်အစိုးရမီဒီယာများကဖော်ပြခဲ့သည်။
"ကျွန်တော်တို့ကသူတို့ကို အပြင်းအထန် တိုက်ခိုက်သွားပါမယ်။ သူတို့ဟာ ရိုက်နှက်ဆုံးမခံရပါတော့မယ်" ဟုထရန့်၏ ပြောကြားချက်ကို Fox News ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတက သူ၏ပြော စကားများ လေးနက်စေရန် ရိုင်းရိုင်း ပြောဆိုသော အသုံးအနှုန်းများကို အသုံးပြုခဲ့သည်။
Ref:AFP
AFP photos