Eleven Media Group

■ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြစ်နှင့် မဒေါက်မြို့၏ စစ်တောင်းမြစ်တို့မှာ စိုးရိမ်ရေအမှတ်များသို့ရောက်ရှိလာနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းနေရာများတွင် နေထိုင်ကြသူများ သတိပြုနေထိုင်ကြရန် မိုးဇလ သတိပေး

ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြစ်နှင့် မဒေါက်မြို့၏စစ်တောင်းမြစ်တို့မှာ ဇူလိုင် ၂၉ ရက် ညနေ ၆ နာရီခွဲအချိန် မိုးဇလ၏ထုတ်ပြန်ချက်များအရ ယင်းမြစ်များ၏ စိုးရိမ်ရေအမှတ်အသီးသီးသို့ရောက်ရှိရန် လက်မ အနည်းငယ်ခန့်သာလိုတော့ပြီး နောက်ထပ် ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်များသို့ရောက်ရှိလာနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းနေရာများတွင် နေထိုင်ကြသူများ သတိပြုနေထိုင်ကြရန် မိုးဇလ သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။

ပဲခူးမြို့တွင် ဇူလိုင် ၂၉ ရက်နေ့တွင် မိုးရွာသွန်းမှုနည်းပါးပြီ ည ၇ နာရီခွဲချိန်အထိ မိုးရွာသွန်းခြင်းမရှိသော်လည်း မြစ်ရေဆက်လက်တိုးနေပြီး ဇူလိုင် (၂၉) ရက် ညနေ ၆ နာရီခွဲအချိန် မိုးဇလထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေမှာ စိုးရိမ်ရေမှတ် (၈၈၀) စင်တီမီတာသို့ရောက်ရှိရန် ပေဝက်ခန့်အလို (၈၆၆) စင်တီမီတာ သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပဲခူးမြစ်ရေမှာ ဇူလိုင် ၂၉ ရက် နံနက်ကတည်းက မြစ်ရေတိုးနေသဖြင့် ပဲခူးမြို့ပေါ် မြေနိမ့်ပိုင်းနှင့် အောက်ချိုင့်နေရာများဖြစ်သော ရပ်ကွက် လမ်းပိုင်းအချို့တို့တွင် မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကာ ရေအနက် ၄ ပေကျော်အထိ ရေဝင်ရောက်လျှက်ရှိကြောင်းသိရသည်။

ထို့အတူ ပဲခူးမြို့ ရွာသစ်နှင့် ကျောက်ကြီးစုရပ်ကွက်ကြားရှိ ချောင်းမှလည်း ရေများဝင်ရောက်မှု ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မြစ်ရေအခြေအနေနှင့် ရေကြီးရေလျှံမှု အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်သည့် ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် မဒေါက်မြို့တွင်လည်း မိုးဇလဦးစီးဌာန၏ ဇူလိုင် ၂၉ ရက် ညနေ ၆ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ မဒေါက်မြို့၏ စစ်တောင်းမြစ်ရေမှာ ၁၀၆၄ စင်တီမီတာသို့ရောက်ရှိနေပြီး မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာသို့ရောက်ရှိရန် ၈ စင်တီမီတာ (၃ လက်မခန့်အလို) ခန့်သာလိုတော့ကြောင်း သိရသည်။

အဆိုပါ ပဲခူးမြစ်နှင့် မဒေါက်မြို့၏ စစ်တောင်းမြစ်တို့မှာ နောက်ထပ် ၂၄ နာရီအတွင်း သက်ဆိုင်ရာမြစ်များ၏ စိုးရိမ်ရေအမှတ်များသို့ ရောက်ရှိနိုင်သဖြင့် ပဲခူးမြို့နယ် နှင့် မဒေါက်မြို့များ၏ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် မိုးဇလမှ သတိပေးနှိုးဆော်ထားခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group