
မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားသူများမှ မသမာသောနည်းလမ်းအသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ် ထုတ်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်သည်။
မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားသူများမှ မသမာသောနည်းလမ်းအသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်း ခံရသည့်ယာဉ်ပိုင်ရှင်များအနေဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများသို့ စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးနိုင်ရေး ဖော်ပြပါအထောက်အထားများနှင့်အတူ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအထောက်အထားများမှာ (က) မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက်မူရင်း၊ (ခ) မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်မိတ္တူ (Colour)၊ (ဂ) ယာဉ်ပိုင်ရှင်၏မှတ်ပုံတင်မိတ္တူ (Colour)၊ (ဃ) ယာဉ်ပိုင်ရှင်၏နေရပ်လိပ်စာ (မြို့နယ်၊တိုင်းဒေသကြီး/ပြည်နယ်) နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ (င) မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားဆိုင်များတွင် စက်သုံးဆီဝယ်ယူခဲ့မှု အထောက်အထား (ရက်စွဲ၊ အချိန်၊ ဆိုင်အမည်စသည်) တို့ဖြစ်ကြောင်း သိရသည်။
ယင်းအချက်အလက်များနှင့်လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများမှ စိစစ်တင်ပြမှုဆောင်ရွက်ပြီးနောက် QR Code အသစ်ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
QR Code အသစ်ထုတ်ပေးပြီးနောက် အဆိုပါယာဉ်အတွက် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်တွင်ပါရှိသည့် Barcode သို့မဟုတ် အရောင်းဆိုင်မှထုတ်ပေးခဲ့သည့် QR Code ဖြင့် စက်သုံးဆီဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲ အသစ်ထုတ်ပေးသည့် QR Code ဖြင့်သာ စက်သုံးဆီ ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်ပိုင်ရှင်အနေဖြင့် အသစ်ထပ်မံထုတ်ယူသော QR Code ပျက်စီးပျောက်ဆုံးမှုမရှိစေရေး တာဝန်ယူထိန်းသိမ်းထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။