Eleven Media Group

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့အနီး တာတမံတစ်ခု ကျိုးပေါက်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများရှိနေ

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့အနီး တာတမံတစ်ခု ကျိုးပေါက်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများရှိနေကြောင်း သိရသည်။

“တာအိတဲ့နေရာကို တာဝန်ရှိသူတွေကာကွယ်နေတဲ့ကြားက ကျိုးပေါက်သွားတယ်လို့ ခုညနေပိုင်းမှာ သတင်းထွက်လာတယ်။ နေရာက မြစ်ကျိုးဝနဲ့ မသဲကုန်းကြားပေါ့။ အဲနေရာဆို မြို့နဲ့တစ်မိုင်ခွဲပဲ ဝေးပါတယ်။ ကျွန်းတဲတို့ မြစ်ကျိုးတို့ အမှတ်(၅)ရပ်ကွက်တို့နဲ့ ကပ်နေတာပေါ့။ ဘေးလွတ်ရာကို ဒေသခံတွေ ရွှေ့ပြောင်းတာ မျိုးတွေ လုပ်နေပါတယ်”ဟု လေးမျက်နှာမြို့မှ ဒေသခံတစ်ဦးက ဖြေကြားသည်။

“တာတမံအရေးပေါ်ကာကွယ်ရေးအတွက် ဟင်္သာတက မီးသတ်တပ်ဖွဲ့ဝင်တွေလည်း သွားရောက်ပူးပေါင်း တာရှိပါတယ်။ တာကျိုးတယ်လို့ သတင်းကြားရလို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြတာမျိုးတော့ ရှိတယ်။ တာတမံကာကွယ်ရေးကို တာဝန်ရှိသူတွေ ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။ တာကျိုးမကျိုးကတော့ အဲနားမှာ ကျွန်တော်တို့မရှိတော့ အသေချာကြီးတော့ မပြောနိုင်ဘူး”ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

အသေးစိတ်အခြေအနေသိရှိနိုင်ရန် တာတမံဆိုင်ရာပူးပေါင်းကော်မတီဥက္ကဌဖြစ်သူ လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင် ထံ Eleven Media မှ ဆက်သွယ်နေဆဲဖြစ်ပါသည်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့ ဒေသခံအချို့၏ လူမှုကွန်ရက်တွင် တင်ရှိထားသည့် ရုပ်သံဖိုင်များအရ အဆိုပါ တာမှ ရေများစီးထွက်နေသည်ကို တွေ့ရှိရသည်။

ည ၁၂ နာရီခန့်အထိ နောက်ဆုံးရရှိသည့်သတင်းအရ တာတမံကျိုးပေါက်မှုအပေါ် မြို့မိမြို့ဖများက အတည်ပြုထားပြီး ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန်လည်း လူမှုကွန်ရက်မှ နှိုးဆော်မှုများရှိနေသည်ကို တွေ့ရသည်။

ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့၏ ညပိုင်းအချိန် သတင်းထုတ်ပြန်ချက်၌ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းအုပ်စု၊မြစ်ကျိုးကျေးရွာ၊ တာမိုင် (၂၅ / ၃) တွင် သဲဗွက်တစ်ခုဖြစ်ပြီး အလျား ၃၀ ပေ၊အမြင့် ၅ ပေ ခန့် နိမ့်ဆင်းသွားကြောင်းသတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်လျက်ရှိပြီး ညပိုင်းတွင်လည်း တာထပ်မံနိမ့်ဆင်းမှုမရှိစေရေးအတွက် တာအား တုတ်ရိုက်ခြင်း၊ကျောက်ချခြင်း၊သဲဖို့ခြင်း၊သဲအိတ်စီခြင်း၊ တာအိတာလျောဖြစ်သည့် နေရာအား သဲမြေဖို့ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

တာတမံကျိုးပေါက်မှု ရှိမရှိနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှုမရှိသေးပေ။

မူရင်းသတင်း — Eleven Media Group