
■ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်းအချို့ ယာယီပိတ်ထားရ
ငဝန်ရေကာတာကျိုးပေါက်ခဲ့ပြီးနောက် လေးမျက်နှာမြို့ထဲထိ ရေဝင်ရောက်မှုရှိလာပြီး ဒေသခံများ ရွှေ့ပြောင်းမှုများဆောင်ရွက်နေရ၊ ရွာဘက်ခြမ်းတွင် ပိတ်မိနေသူများအား အရေးပေါ်ကယ်ထုတ်ပေး ရန်လိုအပ်နေကြောင်း သိရသည်။
နံနက်ပိုင်းအချိန်ထိ ရေဝင်ရောက်နေမှုအခြေအနေအား မြို့ခံဆရာတစ်ဦးက “ရေက မြို့ပေါ်ထိရောက်နေပြီ။ လမ်းမကြီး ရေကျော်သွားပြီ။ စာသင်ကျောင်းတွေ ပိတ်ထားရပါပြီ။ ရွာဘက်တွေမှာတော့ ပိတ်မိနေတာ တွေရှိနေတုန်းပဲ။ ကူညီရွှေ့ပြောင်းပေးရေးအဓိက လိုအပ်ပါတယ်”ဟု ဖြေကြားသည်။
ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော်တို့ မနေ့ကညနေပိုင်း ရေကာတာအရေးပေါ်အခြေအနေ သတင်းစရကတည်းက ဟင်္သာတကနေ သွားရောက်ကူညီဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့က ထပ်ပေါင်းအင်အားတွေ သွားရောက်နိုင်ဖို့လည်း ကူညီဖြစ်ပါတယ်။ အရေးပေါ်ရွှေ့ပြောင်းရေးကို ကျွန်တော်တို့ ကူညီနေပါတယ်။ ကျွန်တော်တို့မိတ်ဖက် ကရင်နှစ်ခြင်းအဖွဲ့က လူနာတင်ယာဉ်နှစ်စီး၊ ဟင်္သာတဆေးရုံကြီးက လူနာတင်ယာဉ်နှစ်စီးကလည်း လေးမျက်နှာကိုသွားရောက်ပြီး ဆေးရုံက လူနာတွေ ဟင်္သာတကို ရွှေ့ပြောင်းရေးအတွက် ညတွင်းချင်း ဆောင်ရွက်ပေးကြပါတယ်။ ဒီမနက်ဆို မြို့ထဲထိ ရေဝင်နေပြီဆိုတော့ လူအင်အား၊ ယာဉ်အင်အား ပိုကူနိုင်အောင် မိတ်ဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးပြီး ဆက်လက်ပံ့ပိုး ကူညီပေးနေပါတယ်။ ရွာဘက်တွေမှာ ရေယာဉ်အကူအညီနဲ့ ကယ်ထုတ်ရမယ့်အခြေအနေတွေလည်းရှိတာမို့ ကူညီနိုင်မယ့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအနေနဲ့လည်း ကျွန်တော်တို့ဆီ ဆက်သွယ်ပံ့ပိုးပေးစေလိုပါတယ်”ဟု ဖြေကြားသည်။
အကူအညီလိုအပ်နေမှုအခြေအနေနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ လေးမျက်နှာမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် တာတမံများဆိုင်ရာပူးပေါင်းကော်မတီဥက္ကဌ ဦးကျော်ဝင်းနိုင်က “ရွာတွေက ဘုန်းကြီးကျောင်းတွေမှာပိတ်မိနေတဲ့သူတွေရှိနေတယ်။ ဒေသမှာက တိုက်ပွဲရှောင်တွေကလည်း ရှိတယ်။ အိမ်တွေကလည်း ဘုန်းကြီးကျောင်းတွေကို ရွှေ့ရင် လွတ်မယ်ထင်ကြတာ။ ဘယ်လွတ်မလဲ။ အဲတော့ အနောက်ဘက်ကမ်းကို ဆွဲထုတ်နိုင်ဖို့ လိုမယ်။ ရေများလာရင် ပိုဆိုးနိုင်တယ်။ ရေယာဉ်အကူအညီတွေပါ လိုပါတယ်။ လူမှုကူညီရေးအဖွဲ့တွေအနေနဲ့လည်း ကူညီချိတ်ဆက်ဆောင်ရွက်စေချင်ပါတယ်။ လက်ရှိမှာလည်း တိုင်းအစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့ပူးပေါင်း ဆောင်ရွက်နေပါတယ်”ဟု ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီဌာနကလည်း ငဝန်မြစ်ရေသည် မြစ်ကျိုးအင်းအတွင်းသို့ ဝင်ရောက်၍ ၎င်းမှတစ်ဆင့် ရပ်ကွက်/ကျေးရွာများသို့ဝင်ရောက်လျက်ရှိသဖြင့် အမှတ်(၃)၊(၄)၊(၅)ရပ်ကွက်များနှင့် ဂျမ်းကုန်းကျေးရွာ၊ကျွန်းကုန်းကျေးရွာနှင့်ကွမ်းခြံကုန်းကျေးရွာများမှ ပြည်သူများအား ကူညီရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ နံနက် ၇ နာရီတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ဦးစီးသောကွပ်ကဲရေးအဖွဲ့ လေးမျက်နှာမြို့သို့ ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကင်းလှည့်စောင့်ကြည့် ခြင်းအားအဖွဲ့(၁)ဖွဲ့၊ကယ်ဆယ်ရွှေ့ထုတ်ရေးအဖွဲ့(၃)ဖွဲ့ဖြင့်လည်းကောင်း၊ကွပ်ကဲရေးအဖွဲ့(၁)ခုဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း၊ အဆိုပါရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားကြောင်း ထုတ်ပြန်ထားသည်။