Eleven Media Group

■ ငွေကြေးကြွယ်ဝသူများက ကုန်ထုတ်လုပ်မှုများတွင် လုပ်ကိုင်မည့်အစား ဆူလွယ်နပ်လွယ်ဖြစ်သည့် အိမ်ခြံမြေရောင်းဝယ်ရေး၊ ရွှေ၊ နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်မှုများတွင်သာ အဓိက လုပ်ဆောင်နေဟု နိုင်ငံတော်သမ္မတ ပြောကြား

ငွေကြေးကြွယ်ဝသူများက ကုန်ထုတ်လုပ်မှုများတွင် လုပ်ကိုင်မည့်အစား ဆူလွယ်နပ်လွယ်ဖြစ်သည့် အိမ်ခြံမြေရောင်းဝယ်ရေး၊ ရွှေ၊ နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်မှုများတွင်သာ အဓိက လုပ်ဆောင်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် အစိုးရသက်တမ်း ရက် ၁၀၀ ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

" ငွေကြေးကြွယ်ဝသူတွေဟာ ကုန်ထုတ်လုပ်မှုတွေ၊ လုပ်အားအင်အားဦးစားပေးတဲ့လုပ်ငန်းတွေမှာအစား ဆူလွယ်နပ်လွယ်ဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေး၊ ရွှေ၊ နိုင်ငံခြားငွေ မတရားဝင်ရောင်းဝယ်မှုတွေမှာပဲ
အဓိက လုပ်ဆောင်နေတာကိုပဲ တွေ့ရှိရပါတယ်။ ဒါကြောင့် ငွေကြေးအရင်းအနှီးတတ်နိုင်သူများအနေနဲ့ ဒီလိုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမယ့်အစားစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သက်မွေးကို အခြေခံတဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာ ပိုမိုရင်းနှီးမြုပ်နှံသွားကြဖို့လည်း လိုအပ်ကြောင်း ပြောကြားလိုပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ကုန်ဈေးနှုန်းတက်ရခြင်းမှာ ကုန်သွယ်လိုမှုလိုငွေများခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖြစ်လာခြင်း၊ အသုံးစရိတ်များပြားခြင်းတို့ကြောင့်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

" ပြည်ပနိုင်ငံများတွင် ကျောင်းတက်မှု၊ ဆေးကုသမှု၊ ဘုရားဖူးမှု၊ အလည်အပတ်သွားမှုစတဲ့ အထွေထွေကိစ္စတွေကလည်း နိုင်ငံခြားငွေသုံးစွဲမှုကို အထိုက်အလျှောက်များပြားစေပြီး ငွေကြေးဖောင်းပွမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ ကုန်သွယ်ရေးလိုငွေပြမှုကို ဖြစ်ပေါ်စေတဲ့ ပြည်တွင်းထုတ်ကုန်နည်းပါးပြီး သွင်းကုန်များပြားတာကလည်း တစ်ချက်အပါအဝင်ပါပဲ" ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ပြည်သူများ ကြုံတွေ့နေရသည့် စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်များကို ပြေလည်အောင် ဖော်ဆောင်ကာ နိုင်ငံနှင့် ကိုက်ညီသည့် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ထို့ပြင် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ရင်းနှီးမြုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်ပြီး စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group