Eleven Media Group

ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ DEMU ရထား စတင်ပြေးဆွဲ

ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ DEMU ရထား အမှတ် (၇၃) အဆန်နှင့် အမှတ် (၇၄) အစုန်ရထားများ ယနေ့(ဇူလိုင် ၃၁ ရက်)မှစ၍ ပြေးဆွဲကြောင်း သိရသည်။

အဆိုပါ DEMU ရထား စတင်ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများ၊ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါရန်ကုန်-ပြည်-ရန်ကုန် မီးရထားလမ်းပိုင်းအတွက် DEMU လေအေးပေးစက်ပါ ခေတ်မီရထားများကို နေ့ချင်းပြန် အစုန်/အဆန် ပြေးဆွဲသွားမည်ဖြစ်ပြီး အမှတ် (၇၃) အဆန် ရန်ကုန်-ပြည် ခရီးသည်စီးအထူးရထားသည် ရန်ကုန်ဘူတာမှ နံနက် ၅ နာရီခွဲတွင် စတင်ထွက်ခွာ၍ ပြည်ဘူတာသို့ နေ့လယ် ၁၁ နာရီခွဲအချိန်တွင်လည်းကောင်း၊ အမှတ် (၇၄) အစုန် ပြည် - ရန်ကုန် ခရီးသည်စီးအထူးရထားသည် ပြည်ဘူတာမှ နေ့လယ် ၁ နာရီတွင် ပြန်လည်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ည ၇ နာရီအချိန်တွင်လည်းကောင်း ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ရပ်တန့်ပေးမည့်ကြားဘူတာများအဖြစ် တညင်းကုန်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ ၊ ကြို့ပင်ကောက်၊ နတ်တလင်း၊ ပေါင်းတည်ဘူတာတို့တွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရထားတွင် DEMU ရထားတွဲဆိုင်းတစ်ဆိုင်း၌ အထက်တန်း (၂) တွဲ ၊ ပထမတန်း (၄) တွဲပါရှိပြီး အထက်တန်းတွင် ခရီးသည် ၆၆ ဦးနှင့် ပထမတန်းတွင် ခရီးသည် ၂၂၄ ဦး စုစုပေါင်း ၂၉၀ ဦး စီးနင်းလိုက်ပါနိုင်မည်ဖြစ်ကာ ရထားလက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစ/အဆုံးအတွက် အထက်တန်းတွဲ ၂၀၀၀၀ ကျပ်နှင့် ပထမတန်းတွဲ ၁၅၀၀၀ ကျပ်တို့ဖြစ်ပြီး ခရီးစဉ်အစ/အဆုံး ပြေးဆွဲချိန် ၆ နာရီသာ ကြာမြင့်မည်ဖြစ်ရာ ခရီးစဉ် အဆန်/အစုန် နေ့ချင်းပြန် သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန် - ပြည် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးလျက်ရှိသော အမှတ် (၇၁) အဆန်/ အမှတ် (၇၂) အစုန် လူစီးအမြန်လေအိတ်ရထားများ၏ ရထားလက်မှတ်များကိုလည်း၊ DEMU တွဲဆိုင်းရထားများကဲ့သို့ Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် ၇ ရက်နှင့် ကြားဘူတာများအတွက် ၅ ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group