Eleven Media Group

■ ပြီးခဲ့သည့်နှစ်အတွင်း ကနေဒါမှ ထွက်ခွာခဲ့သော လေယာဉ်များပေါ်တွင် အပြစ်မဲ့ခရီးသည်များ၏ Luggage tag များသည် မူးယစ်ဆေးဝါးများထည့်သွင်းထားသည့် ခရီးဆောင်အိတ်များတွင် ပြောင်းလဲတပ်ဆင်ခံရမှုများဖြစ်ပွား

ပြီးခဲ့သည့်နှစ်အတွင်း ကနေဒါမှ ထွက်ခွာခဲ့သော လေယာဉ်များပေါ်တွင် အပြစ်မဲ့ခရီးသည်များ၏ ခရီးဆောင်အိတ်များတွင် တပ်ဆင်ထားသည့် Luggage tag များသည် မူးယစ်ဆေးဝါးများထည့်သွင်းထားသည့် ခရီးဆောင်အိတ်များတွင် ပြောင်းလဲတပ်ဆင်ခံရမှုများဖြစ်ပွားခဲ့ကြောင်း CTV News သတင်းတွင် ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ခရီးဆောင်အိတ်များတွင် ပိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်းဖော်ပြသည့် ကတ်ပြား (Luggage tag) များ ပြောင်းလဲတပ်ဆင်ခံခဲ့ရသည့် အပြစ်မဲ့ခရီးသည် ၁၇ ဦးခန့်သည့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု စွပ်စွဲချက်များဖြင့် မှားယွင်းထိန်းသိမ်းခံခဲ့ရကြောင်း CTV News ၏ W5 စုံစမ်းစစ်ဆေးရေး သတင်းအဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်။

မှားယွင်းပြီး ထိန်းသိမ်းခံခဲ့ရသူအားလုံးကို နောက်ဆုံးတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ခရီးသည်အချို့သည် လက်ထိပ်ခတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် ထောင်သွင်းအကျဉ်းချခံရခြင်းတို့ ကြုံတွေ့ခဲ့ရပြီးမှသာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

W5 အဖွဲ့သည် အဆိုပါ အချက်အလက်များကို တရားရုံး မှတ်တမ်းများ၊ သတင်းထုတ်ပြန်ချက်များနှင့် ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်များမှတစ်ဆင့် စုဆောင်းပြုစုခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုများတွင် ကနေဒါမှ ဒိုမီနီကန်၊ ပြင်သစ်၊ ဂျာမနီ၊ မော်ရိုကို၊ ဘာမြူဒါ၊ ဖိလစ်ပိုင်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို သေဒဏ်အထိ ပြစ်ဒဏ်ပေးသည့် တောင်ကိုရီးယားနိုင်ငံတို့ကို ဦးတည်ပျံသန်းသည့် လေကြောင်းခရီးစဉ်များ ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် တစ်နှစ်အတွင်း ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့ (RCMP) သည် Luggage tag များ ပြောင်းလဲတပ်ဆင်မှုဖြင့် စွပ်စွဲထားသည့် အမှုများနှင့် ပတ်သက်ပြီး တိုရွန်တို ပီယာဆန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ခရီးဆောင်အိတ်များ စီမံခန့်ခွဲရေး ဝန်ထမ်း ခြောက်ဦးကို ဖမ်းဆီးခဲ့သည်။

အဆိုပါကိန်းဂဏန်းများအရ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့သည့် အမှုများကိုသာ ဖော်ပြနိုင်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ၏ အမည်များကို အလွဲသုံးစားလုပ်ပြီး ကမ္ဘာအနှံ့ မူးယစ်ဆေးဝါးများ သယ်ဆောင်ခဲ့သည့် ဖြစ်စဉ်အတိအကျကိုမူ မသိနိုင်ပေ။

ထိုကဲ့သို့ Luggage tag များ ပြောင်းလဲတပ်ဆင်ခံရသည့် လုပ်ငန်းစဉ်မှာ လွယ်ကူရိုးရှင်းလှသည်။

အကျင့်ပျက်လေဆိပ်ဝန်ထမ်းတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အကျင့်ပျက်ဝန်ထမ်းများသည် အပြစ်မဲ့ခရီးသည်တစ်ဦး၏ ခရီးဆောင်အိတ်ပေါ်မှ Luggage tag ကို ဖြုတ်ပြီး မူးယစ်ဆေးဝါးများ ထည့်ထားသည့် ခရီးဆောင်အိတ်တွင် ပြောင်းလဲတပ်ဆင်လိုက်ခြင်းဖြစ်သည်။

တိုရွန်တို ပီယာဆန် လေဆိပ်တွင် လုံခြုံရေးကင်မရာပေါင်း ၃၀၀၀ ခန့်ရှိသော်လည်း ကန့်သတ်ဧရိယာအချို့တွင် ကင်မရာမြင်ကွင်းမှ ကွယ်နေသည့် နေရာအချို့ ရှိနေသည်။ ထို့ပြင် Luggage tag ကို ပြောင်းလဲတပ်ဆင်ရန် စက္ကန့်ပိုင်းသာ ကြာမြင့်သည်။

မူးယစ်ဆေးဝါးထည့်ထားသည့် အိတ်သည် စစ်ဆေးရေးကို အောင်မြင်စွာကျော်ဖြတ်ပြီး အခြားလေဆိပ်သို့ ရောက်ရှိသွားခဲ့မည်ဆိုပါက ထိုလေဆိပ်တွင် စောင့်နေသည့် မသမာသူတစ်ဦးက ထိုအိတ်ကို လာရောက်ထုတ်ယူသွားမည်ဖြစ်သည်။

အကယ်၍ ကြားဖြတ်ဖမ်းဆီးခံရမည်ဆိုပါက Luggage tag ပေါ်တွင် နာမည်ပါနေသည့် အပြစ်မဲ့ခရီးသည်က နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။

ဖြစ်စဉ်တစ်ခုတွင် တိုရွန်တိုမြို့မှ အသက် ၃၅ နှစ်အရွယ် နီကိုးလ်အမည်ရှိ အမျိုးသမီးသည် ၎င်း၏ မိသားစုနှင့်အတူ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့သို့ ခရီးသွားခဲ့ချိန်တွင် ဗန်ကူးဗားမြို့၌ လေယာဉ်ခေတ္တ ရပ်နားစဉ်အတွင်း အနှောင့်အယှက်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

လေယာဉ် မထွက်ခွာမီ မိနစ်ပိုင်းအလိုတွင် ကနေဒါ နယ်စပ်ရေးရာ ဝန်ဆောင်မှု အေဂျင်စီမှ အရာရှိများ လေယာဉ်ပေါ်သို့ တက်ရောက်လာခဲ့ကြသည်ဟုဆိုသည်။

ထို့နောက် အဆိုပါ အရာရှိများက နီကိုးလ်ကို လေယာဉ်ပေါ်မှ ခေါ်ဆောင်သွားခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်မှုဖြင့်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

W5 က ရရှိခဲ့သော နယ်စပ်ရေးရာ အရာရှိများ၏ တရားဝင် မိတ္တူ မှတ်တမ်းများအရ ခရီးဆောင်အိတ် နှစ်လုံးတွင် မသင်္ကာဖွယ် မူးယစ်ဆေးဝါးများ ပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဒုတိယအဆင့် စစ်ဆေးရေး ဧရိယာအတွင်း ရောက်ရှိချိန်၌ အရာရှိများက ခရီးဆောင်အိတ်များကို ဖွင့်ကြည့်ခဲ့ကြောင်း နီကိုးလ် က ပြောကြားခဲ့သည်။

"သူတို့က သံဖြတ်ကိရိယာတွေကို ယူလာပြီး အိတ်ကို ဖွင့်ခဲ့ပါတယ်။ အိတ်ထဲမှာတော့ မူးယစ်ဆေးဝါးတွေ အပြည့်သိပ်ထည့်ထားတာ ကို တွေ့ခဲ့ရပါတယ်" ဟု နီကိုးလ်က ပြောကြားခဲ့သည်။

အဆိုပါအိတ်ပေါ်တွင် ၎င်း၏ နာမည်ပါသည့် Luggage tag ကို တပ်ဆင်ထားသော်လည်း ယင်းအိတ်မှာ ၎င်း၏ အိတ်မဟုတ်ကြောင်း နီကိုးလ် က အခိုင်အမာ ပြောကြားခဲ့သည်။

ကနေဒါ နယ်စပ်ရေးရာ ဝန်ဆောင်မှု အေဂျင်စီ၏ အစီရင်ခံစာအရ အဆိုပါ ခရီးဆောင်အိတ်အတွင်း၌ အလေးချိန် ၂၀ ဒသမ ၅၂ ကီလိုဂရမ် (ပေါင် ၄၅ ပေါင်ကျော်) အလေးချိန်ရှိ မက်သမ်ဖက်တမင်းအထုပ် ရှစ်ထုပ် ပါဝင်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် နီကိုးလ်သည် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ခုနစ်နာရီခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၎င်း၏ အပြစ်ကင်းစင်မှုကို မည်သို့မည်ပုံ အတည်ပြုပေးခဲ့သည်ဆိုသည်ကို မည်သူမျှ ရှင်းပြခဲ့ခြင်း မရှိသော်လည်း ၎င်း အပ်နှံခဲ့သော ခရီးဆောင်အိတ်များနှင့် ၎င်း၏ Luggage tag တပ်ထားသည့် မူးယစ်ဆေးဝါးများပါရှိသော ခရီးဆောင်အိတ်များမှာ လုံးဝ မတူညီကြောင်း လေဆိပ်လုံခြုံရေး ကင်မရာ မှတ်တမ်းများတွင် တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်လိမ့်မည်ဟု နီကိုးလ်က ယူဆခဲ့သည်။

"ဒီဖြစ်စဉ်ဟာ ကနေဒါမှာ ဖြစ်ပွားခဲ့လို့ ကျွန်မကံကောင်းခဲ့တာပါ။ ဒါပေမဲ့ တခြားနေရာတစ်ခုခုမှာသာ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ တစ်ချို့နိုင်ငံတွေမှာဆိုရင် ဒီလိုကိစ္စမျိုးအတွက် သေဒဏ်ချမှတ်တာတွေ ရှိနေတုန်းပါပဲ" ဟု နီကိုးလ်က ပြောကြားခဲ့သည်။

တိုရွန်တို ပီယာဆန် လေဆိပ်တွင် အလားတူ Luggage tag များ ပြောင်းလဲတပ်ဆင်ခံရသည့် နောက်ထပ်ဖြစ်စဉ်တစ်ခုကြောင့် ဒိုမီနီကန်သို့ အပန်းဖြေခရီးထွက်ခဲ့သည့် ကနေဒါနိုင်ငံသား သုံးဦး ထောင်ချခံခဲ့ရသည်။

၎င်းတို့၏ Luggage tag များသည် ကနေဒါနိုင်ငံထုတ် ဆေးခြောက် ၇၉ ထုပ် ထည့်သွင်းထားသည့် ခရီးဆောင်အိတ်များတွင် ပြောင်းလဲတပ်ဆင်ခံခဲ့ရပြီး ကနေဒါမှ ဒိုမီနီကန်သို့ ရောက်ရှိချိန်တွင် မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှု စွပ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည့် ဗီဒီယိုဖိုင်ကို ဒိုနီနီကန် အကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆေးခြောက်များ ထည့်သွင်းထားသည့် ခရီးဆောင်အိတ်များသည် ၎င်းတို့ပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း အာဏာပိုင်များက စိစစ်ဖော်ထုတ်ခဲ့ပြီး စွပ်စွဲချက်များကို ရုပ်သိမ်းပေးခဲ့သည့်တိုင်အောင် ၎င်းတို့သည် ဒိုမီနီကန်သမ္မတနိုင်ငံအတွင်း လနှင့်ချီ ထိန်းသိမ်းခံခဲ့ရသည်။

ထို့ကြောင့် လေဆိပ်များတွင် Luggage tag များ ပြောင်းလဲတပ်ဆင်ခံရနိုင်သည့် အခြေအနေနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို ဖြေရှင်းရန်အတွက် လေဆိပ်တွင် ခရီးဆောင်အိတ်ကို အပ်နှံခြင်းမပြုမီ အိတ်ကို ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးထားသင့်ကြောင်း CTV News က အကြံပြုထားသည်။

မိမိနှင့်အတူ မိမိခရီးဆောင်အိတ်ကို ကိုင်တွယ်ထားသည့် ဓာတ်ပုံ သို့မဟုတ်ဗီဒီယိုရိုက်ကူးထားခြင်း၊ အိတ်တွင် ကပ်ထားသည့် သို့မဟုတ် တပ်ဆင်ထားသည့် Luggage tag ကို သေချာစွာစစ်ဆေးခြင်း၊ ခရီးစဉ်ပြီးဆုံးချိန်တွင် အိတ်ကို ထုတ်ယူသည့် ပြေစာ သို့မဟုတ် စတစ်ကာကို သိမ်းဆည်းထားခြင်း၊ Apple AirTags နှင့် Samsung SmartTags တို့ကဲ့သို့ ခရီးဆောင်အိတ် တည်နေရာကို ကြည့်ရှုနိုင်သည့် luggage tracker ပစ္စည်းကို ခရီးဆောင်အိတ်တွင် တပ်ဆင်ခြင်း၊ Luggage tag နံပါတ်၊ သွားရောက်မည့်နေရာနှင့် ခရီးသည်အမည်ကို ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ်သင့်ကြောင်း CTV News က အကြံပြုထားသည်။

မူရင်းသတင်း — Eleven Media Group