Eleven Media Group

■  လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် အိမ်ထောင်စု ၁၃၀၀ ကျော်မှ လူဦးရေ ၆၇၀၀ ကျော် ရေဘေးသင့်

လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် အိမ်ထောင်စု ၁၃၃၃ စုမှ လူဦးရေ ၆၇၄၇ ဦး ရေဘေးသင့်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာမိုင် ၂၅/၃ တွင် တာပေါင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိ အမှတ် (၁)၊ (၂)၊ (၃)၊ (၄) နှင့် (၅) ရပ်ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုနှင့် သခွတ်ချောင်းကျေးရွာအုပ်စုအတွင်း ရေဝင်ရောက်လျက်ရှိပြီး ရေဝင်ရောက်ရာ အိမ်ခြေ ၁၃၂၀၊ အိမ်ထောင်စု ၁၃၃၃ စုမှ လူဦးရေ ၆၇၄၇ ဦးတို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိဘဲ တာကျိုးနေရာ၌ ရေရှိန်သတ်ခြင်းနှင့် ရေပေါက်ပိတ်ဆို့ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ သောက်သုံးရေ၊ ဆန်ရိက္ခာ၊ စားသောက်ကုန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာကျိုးရာနေရာနှင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၃၁ ရက်ြ သွားရောက်ကြည့်ရှုခဲ့ပြီး လေးမျက်နှာမြို့ ဣစ္ဆာသယကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နှင့် အနီးဝန်းကျင် ရေဘေးအန္တရာယ် ကျရောက်နိုင်သဖြင့် အရေးပေါ် ရွှေ့ပြောင်း/သတိပြုနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မြစ်ရေတွန်းအားကြောင့် ငဝန်ရေကာတာ၏ တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် တာအတွင်းဘက်သို့ မြစ်ရေများ အနက် ၂ ဒသမ ၅ ပေခန့် စတင်ဝင်ရောက်လျက်ရှိနေကြောင်း၊ တာအတွင်းသို့ ဝင်ရောက်လာသော မြစ်ရေများသည် အရှေ့ဘက် မြစ်ကျိုးအင်း၊ အရှေ့မြောက်ဘက် ချောင်းဇောက် ၊ စာရေးကုန်းချောင်း ၊ ဒါးကမြစ်အတွင်းသို့ စီးဝင်နိုင်သည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်သည်။

ယင်းကြောင့် အနိမ့်ပိုင်းလယ်ကွင်းများ၊ လေးမျက်နှာမြို့အတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာ ကုန်းမြင့်များ၊ စက်ရုံ/ကျောင်းများ/ဓမ္မာရုံများနှင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းကြရန်၊ ပစ္စည်းများနှင့် သက်ကြီး/ကလေးများ - တန်ဖိုးရှိ စာရွက်စာတမ်းများ၊ ဆေးဝါး၊ အစားအစာများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို ရှေ့ဦးစွာ လုံခြုံသောနေရာသို့ ပို့ဆောင်ထားကြပါရန်၊ လျှပ်စစ်အန္တရာယ် သတိပြုရန် - မိမိတို့အိမ်ရှိ လျှပ်စစ်မိန်းခလုတ်များကို ပိတ်ထားကြပါရန်၊ အခက်အခဲရှိပါက ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များထံ ချက်ချင်း ဆက်သွယ်အကူအညီတောင်းခံကြပါရန်နှင့် မိဘပြည်သူများ အနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ သက်ဆိုင်ရာ၏ အရေးပေါ် ညွှန်ကြားချက်များကို အတိအကျလိုက်နာ၍ ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ကြပါရန် အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

#လေးမျက်နှာမြို့နယ် #ငဝန်ရေကာတာ #elevennews


မူရင်းသတင်း — Eleven Media Group