











ပုသိမ်၊ ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာကျိုးပေါက်မှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်မှုအခြေအနေများကို Speed Boat ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် သခွတ်ချောင်းကျေးရွာအုပ်စု ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာ တာမိုင် ၂၅/၃ တွင် ကမ်းရင်းတာ(တာဟောင်း) ၃၀ ပေ ရေဝင်ပေါက်အား တုတ်ရိုက်ပိတ်ဖို့ပြီးစီးမှု၊ ကမ်းရင်းတာ(တာဟောင်း) ၁၂၀ ပေ ရေဝင်ပေါက်အား ဘေးနှစ်ဖက်မျောတုတ်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေဝင်ပေါက်အလယ်ရေစီးကြောင်း အနက်၂၀ ပေအား အလျား ၅၅ ပေရှိ စက်လှေအဟောင်း ၃ စီး အား သဲဖြည့်ရေမြှုပ်၍ ရေစီးကြောင်း တားဆီးနိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ ယင်းလုပ်ငန်းအောင်မြင်၍ ရေရှိန်လျှော့ချပြီးပါက Geo Bag အိတ်များ ရေချပိတ်ဆို့ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှိန်လျော့ချပြီး တာပိတ်ဖို့ဆောင်ရွက်ခြင်းလုပ်ငန်းအား အမြန်ဆုံးပြီးစီးရေးအတွက် လူအင်အား၊ စက်အင်အားဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ရေစီးကြောင်း ပိတ်ဖို့ဆောင်ရွက်နိုင်ရေးအတွက် သဲအိတ်များအား သဲဖြည့်ဆောင်ရွက်နေကြသည့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအား အားပေးစကားများပြောကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။
အဆိုပါတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ အိမ်ခြေ ၁၇၃၄ ခု၊ အိမ်ထောင်စု ၁၇၆၄ စုမှ လူဦးရေ ၈၃၈၂ ဦးအား ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်၍ သောက်သုံးရေ၊ ဆန်ရိက္ခာ၊ စားသောက်ကုန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးခြင်းများကို ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းများ၊ စေတနာရှင်အလှူရှင်များက ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် လှူဒါန်းဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရှိရပါသည်။
#MNP #News