
အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပိုင်း စပိုကိန်းမြို့တွင် ဩဂုတ် ၂ ရက်က လျှင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့သည့် တောမီးများကြောင့် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံ ရာပေါင်းများစွာ မီးလောင်ပြာကျသွားခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်ပြည်နယ် အရှေ့ပိုင်းရှိ ထိုမြို့နှင့် ယင်း၏ ပတ်ဝန်းကျင်ဒေသများတွင် မီးလောင်မှု သုံးခု သီးခြားစီ စတင်ဖြစ်ပွားခဲ့သဖြင့် ဩဂုတ် ၁ ရက်မှ ၂ရက်နေ့ အကူး ညပိုင်းတွင် လူပေါင်း သောင်းနှင့်ချီ၍ ၎င်းတို့၏ နေအိမ်များမှ အရေးပေါ် ရွှေ့ပြောင်းကြရန် မိန့်န့်ထုတ်ပြန်ခဲ့ရသည်။
အမျိုးသား မိုးလေဝသဌာန (NWS) က လေပြင်းများ တိုက်ခိုက်ခြင်းနှင့် အလွန်အမင်း ခြောက်သွေ့ခြင်းတို့ကြောင့် အဆိုပါ ဒေသတွင် တောမီးလောင်ကျွမ်းရန် အလွန်ပင် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သတိပေးထားခဲ့သည်။
ဩဂုတ် ၂ ရက်တွင် ရိုက်ကူးထားသည့် မီးလောင်ပြီးနောက် အခြေအနေ ဗီဒီယိုများတွင် နေအိမ် အမြောက်အမြားမီဒလောင်ကျွမ်းသွားခဲ့ပြီး အုတ်မီးဖိုများနှင့် အုတ်မြစ်များသာ ကျန်ရှိတော့သည်ကို တွေ့ရကာ အနီးအနားရှိ အခြား အိမ်များမှာမူ ထိခိုက်မှု လုံးဝမရှိဘဲ လွတ်မြောက်ခဲ့ကြသည်။
"အိမ်တွေကို လှည့်ပတ်ကြည့်ရှုရင်း ပတ်မောင်းနေစဉ်မှာပဲ ဒါဟာ ကျွန်တော့်ဘဝမှာ မြင်တွေ့ခဲ့ရသမျှ ရင်အကွဲရဆုံးအရာတွေထဲက တစ်ခုပါပဲ" ဟု စပိုကိန်းမြို့နေ ဂျော့ဖ်ဘီဒယ် က ၎င်း၏ စေ့စပ်ထားသူ၊ ခွေးနှစ်ကောင်တို့နှင့်အတူ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီးနောက် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
"အိမ်နဲ့ အဆောက်အအုံ ရာပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ လူအသက်ဆုံးရှုံးမှု ရှိမရှိကိုတော့ ကျွန်မတို့ ဆက်လက် စိစစ်နေတုန်းပါပဲ" ဟုမြို့တော်ဝန် လီဆာဘရောင်းက ဩဂုတ် ၂ ရက် မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ကျွန်မတို့ ဒေသမှာ ဆုံးရှုံးမှုတွေနဲ့ မရေရာမှုတွေကြောင့် အခုအချိန်မှာ ခံစားနေကြရတဲ့ ပြည်သူတွေအတွက်ကျွန်မတို့ အလေးအနက် ထပ်တူ ဝမ်းနည်းရပါတယ်။ ကျွန်မတို့ဟာ သင်တို့နဲ့အတူ ရေရှည် ရပ်တည်သွားမှာပါ" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Ref:AFP
Photo:AFP