
အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက မြောက်ကိုရီးယား အိုင်တီဝန်ထမ်းများကို ငှားရမ်း အသုံးပြုခြင်းမပြုရန် သတိပေးခဲ့ပြီးနောက် ထိုကဲ့သို့ သတိပေးခြင်းသည် မြောက်ကိုရီးယား၏ ပုံရိပ်ကို ထိခိုက်စေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက စွပ်စွဲခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက သြဂုတ် ၄ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များအတွက် ရန်ပုံငွေ ရှာဖွေရန် ကျွမ်းကျင် ဝန်ထမ်းများကို ကိုယ်ရေးအချက်အလက်အတုများဖြင့် အသုံးပြုနေကြောင်း အမေရိကန်နှင့် အာရှ၊ ဥရောပ မဟာမိတ် ၁၀ နိုင်ငံတို့က ဇူလိုင် ၃၁ ရက်တွင် ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
အမည်မဖော်လိုသော မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ ပူးတွဲ သတိပေးချက်သည် မိမိတို့ နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေရန် မကောင်းသော ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအရ စွပ်စွဲချက်ဖြစ်ကြောာင်း ပြောကြားခဲ့ပြီး အမေရိကန်နှင့် မဟာမိတ်များ၏ ထုတ်ပြန်ချက်ကို ပယ်ချခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA က ဖော်ပြခဲ့သည်။
"ဆိုက်ဘာ ရပ်ဝန်းရဲ့ အဓိက အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်ပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဆိုက်ဘာ တပ်ဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်က အခြားနိုင်ငံတွေရဲ့ ဆိုက်ဘာ ခြိမ်းခြောက်မှု အကြောင်း ပြောနေတာဟာ ယုတ္တိမရှိပါဘူး။ ဒါဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေအပေါ် ဖိအားပေးနေတဲ့ သူတို့ရဲ့ တရားမဝင် မူဝါဒကို ဆင်ခြေပေးနေတာပဲ ဖြစ်ပါတယ်" ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။
အမေရိကန်နှင့် မဟာမိတ်များ၏ ဇူလိုင် ၃၁ ရက်က သတိပေးချက်တွင် မြောက်ကိုရီးယား အိုင်တီဝန်ထမ်းများသည် အွန်လိုင်း ပလက်ဖောင်းများတွင် အလုပ်အကိုင်နှင့် ဝင်ငွေ ရရှိရန်နှင့် ရရှိသည့် ငွေကြေးများကို အစိုးရ အေဂျင်စီများထံ လွှဲပြောင်းပေးရန်အတွက် အခြားနိုင်ငံသားများအဖြစ် ဟန်ဆောင်နေကြကြောင်း ဖော်ပြထားသည်။
မြောက်ကိုရီးယား ဝန်ထမ်းများသည် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်အမှန်ကို ပိုမို ဖုံးကွယ်ရန် AI နည်းပညာသုံး ကိရိယာများကို အသုံးပြုနေကြကြောင်းလည်း ထိုသတိပေးချက်၌ သတိပေးထားသည်။
မြောက်ကိုရီးယားသည် ၎င်း၏ ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်များကြောင့် နိုင်ငံတကာ၏ ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရသည်။
အဆိုပါ လက်နက်စီမံကိန်းများအတွက် ရန်ပုံငွေ ထောက်ပံ့နိုင်ရန် မြောက်ကိုရီးယားသည် ကျယ်ပြန့်သော ဆိုက်ဘာ ရာဇဝတ်မှုများ၊ ခရစ်ပ်တိုငွေကြေးဆိုင်ရာ မသမာမှုများနှင့် ငွေကြေးခဝါချမှု လှုပ်ရှားမှုများကို လုပ်ဆောင်နေသည်ဟု ယူဆရသည်။