Eleven Media Group

■ ဒူဂျွန်တိုင်ဖွန်းမုန်တိုင်း ဂျပန်သို့ ဦးတည်လာ၍ လေကြောင်းလိုင်းများ ဖျက်သိမ်းခဲ့ပြီး ပြည်သူတစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် သတိပေး

ဂျပန်နိုင်ငံ တိုကျိုမြို့အနီးသို့ စက်တင်ဘာ ၂၁ ရက်တွင် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် တိုင်ဖွန်းမုန်တိုင်း ဒူဂျွန် (Dujuan) ချဉ်းကပ်လာနေသောကြောင့် လေကြောင်းလိုင်း ခရီးစဉ်အမြောက်အမြား ဖျက်သိမ်းခဲ့ရပြီး ပြည်သူတစ်သန်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံသည် နွေရာသီအကုန်နှင့် ဆောင်းဦးအစပိုင်းတို့တွင် ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းများကိုမကြာခဏ ကြုံတွေ့ရလေ့ရှိပြီး အခြားသောမုန်တိုင်းငယ်များကြောင့်လည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော အာရှအားကစားပြိုင်ပွဲ၏ ပွဲစဉ်အချို့ ရွှေ့ဆိုင်းခဲ့ရသည်။

မုန်တိုင်းဒူဂျွန်သည် တိုကျိုအနီး ကတ်ဆူအူရာမြို့၏ တောင်ဘက် ၁၃၀ ကီလိုမီတာခန့် အကွာသို့ ရောက်ရှိနေပြီး စက်တင်ဘာ ၂၁ ရက်တွင် တစ်နာရီလျှင် ၁၄၄ ကီလိုမီတာ (မိုင် ၈၉ မိုင်) နှုန်းရှိသော လေတိုက်နှုန်းများ ဆက်လက် ဖြစ်ပေါ်နေသည်။

မုန်တိုင်းကြောင့် Japan Airlines (JAL) မှ လေယာဉ်ခရီးစဉ် ၁၃၅ လိုင်းနှင့် All Nippon Airways (ANA) မှ ခရီးစဉ် ၁၄၀ တို့ကို ဖျက်သိမ်းခဲ့ရပြီး တိုကျိုမြို့အနီးရှိ အိမ်ထောင်စု ၉,၀၀၀ ကျော်တွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။

မီးသတ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ၏ ထုတ်ပြန်ချက်အရ မြို့တော်နှင့် ပတ်ဝန်းကျင်ဒေသများရှိ ဒေသခံ ၁ ဒသမ ၆ သန်းကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသော်လည်း မဖြစ်မနေ ရွှေ့ပြောင်းရမည့် အမိန့်မဟုတ်ဟု ဆိုသည်။

တိုကျိုမြို့အပြင် ချီဘ၊ ကာနာဂါဝါ၊ ရှီဇူအိုကာစီရင်စုတို့တွင် မြေပြိုမှု သတိပေးချက်များ ထုတ်ပြန်ထားပြီး တိုကျိုနှင့် အနီးနားဒေသများရှိ ရထားလိုင်းအချို့ကိုလည်း ပြေးဆွဲမှု ရပ်ဆိုင်းထားသည်။

မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည့် ဒေသများနှင့် ပတ်သက်၍ “မုန်တိုင်း မြောက်ဘက်သို့ ရွှေ့လျားသွားသည်နှင့်အမျှ မိုးဆက်လက် ရွာသွန်းနိုင်ခြေသည်” ဟု ဂျပန်မိုးလေဝသအေဂျင်စီ (JMA)၏ တာဝန်ရှိသူ တာကူယာဟိုဆိုမီက သတင်း ထောက်များကို ပြောကြားခဲ့သည်။

ဂျပန်မိုးလေဝသအေဂျင်စီ မုန်တိုင်းမဝင်မီ စက်တင်ဘာ ၂၀ ကတည်းက မိုးသက်လေပြင်းများ ပိုမိုအားကောင်းလာနိုင်သည်ဟု ကြိုတင်သတိပေးခဲ့သည်။

မူရင်းသတင်း — Eleven Media Group