Eleven Media Group

■ ဟော်မုဇ်ရေလက်ကြား၌ တောင်ကိုရီးယား ပါ၀င်ပတ်သက်မည့် အနေအထားကို အီရန်သတိပေး

တောင်ကိုရီးယားက ဟော်မုဇ်ရေလက်ကြား၌ အမေရိကန်လုပ်ဆောင်နေသောစစ်ဆင်ရေးတွင် စစ်ရေးဖြန့်ကြက်မှု သို့မဟုတ် ပါဝင်ပတ်သက်မှုကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်တွင်သတိပေးလိုက်ပြီး ယင်းသို့လုပ်ဆောင်ခြင်းက စိုးရိမ်စရာကောင်းသော အကျိုးဆက်များရှိလာမည်ဟု ပြောကြားခဲ့သည်။

မဟာဗျူဟာကျသော‌ ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်၏ လုံခြုံရေးကြိုးပမ်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ပေးရန် စဉ်းစားနေသည်ဟု စက်တင်ဘာ ၄ ရက်တွင် တောင်ကိုရီးယားက ပြောကြားခဲ့သည်။

အီရန်က ဖေဖော်ဝါရီ ၂၈ ရက်တွင်အမေရိကန်နှင့်စစ်ပွဲဖြစ်ပွားကတည်းကအဆိုပါရေလက်ကြားကို အများအပြား ထိန်းချုပ်ထားခဲ့သည်။

တောင်ကိုရီးယားက မိမိ၏ကိုယ်ပိုင်စစ်ရေး အသင့်ရှိနေမှုကို ထိခိုက်မှုမရှိလျှင် ယင်းကိစ္စကို စဉ်းစားမည်ဖြစ်သော်လည်း ဆုံးဖြတ်ချက်မချရသေးဟု ဆိုသည်။

အမေရိကန်၏ဖိအားပေးမှုနှင့် ခြိမ်းခြောက်မှုတို့ကိုမလွန်ဆန်နိုင်သည့်အနေအထားနှင့်ပတ်သက်၍တောင်ကိုရီးယားကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိ သူ အက်စမေးလ်ဘာကေးက စက်တင်ဘာ ၇ ရက်တွင်သတိပေးပြောကြားခဲ့သည်။

"ပါရှန်းပင်လယ်ကွေ့ ဒါမဟုတ် ဟော်မုဇ်ရေလက်ကြားမှာ အခြားနိုင်ငံတွေရဲ့စစ်ဆင်ရေးတွေမှာစစ်ရေးဖြန့်ကြက်တာ ဒါမှမဟုတ် ပါဝင်တာတို့ကို အဲဒီကျူးကျော်မှုအတွက်တာဝန်ရှိသူကိုတိုက်ရိုက်ကူညီတာလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။စိုးရိမ်စရာကောင်းတဲ့အကျိုးဆက်တွေရှိလာပါလိမ့်မယ်"ဟု X တွင် တင်ခဲ့သောပို့စ်၌ ဘာကေးက ဖော်ပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group