Eleven Media Group

အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများ အမေရိကန်သို့ အမြန်ဆုံးပြောင်းရွှေ့ရန် ထရန့်တိုက်တွန်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ရုံးချုပ်များနှင့် စက်ရုံများကို အမေရိကန်သို့ ချက်ချင်းပြောင်းရွှေ့ရန် လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းလိုက်သည်။

အမေရိကန်နှင့် ကနေဒါကြား ကုန်သွယ်ရေးတင်းမာမှု မြင့်တက်နေချိန် ယင်းတောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးမှုများ ပျက်ပြယ်ခဲ့ပြီးနောက် ထရန့်အစိုးရက ကနေဒါနို့ထွက်ပစ္စည်းများနှင့် သစ်အပါအဝင် ကုန်ပစ္စည်းအချို့အပေါ် အခွန် ၅၀ ရာခိုင်နှုန်းအထိ ချမှတ်ခဲ့သည်။ ထိုအမိန့်က ၂၀၂၇ ခုနှစ်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

ကနေဒါကလည်း အမေရိကန်၏ အခွန်စည်းကြပ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် သံမဏိ၊ အလူမီနီယံအပါအဝင် အမေရိကန်ကုန်ပစ္စည်းများအပေါ် တန်ပြန်အခွန်များ ချမှတ်ခဲ့သည်။

ထရန့်က Truth Social အကောင့်တွင် “အမေရိကန်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ကနေဒါကုမ္ပဏီအားလုံး ဒီကို ချက်ချင်းပြောင်းလာကြပါ။ ကုမ္ပဏီအများစုက မိုက်မဲတဲ့ခေါင်းဆောင်မှုတွေကြောင့် လွန်ခဲ့တဲ့နှစ်တွေက အမေရိကန်ကနေ ထွက်သွားကြတာပါ။ အခုဒီကို ပြန်ပြောင်းရွှေ့လာမယ်ဆိုရင် အခွန်စည်းကြပ်မှုတွေ ရှိတော့မှာ မဟုတ်ပါဘူး” ဟု ရေးသားခဲ့သည်။ ထို့ပြင် ကနေဒါသည် အမေရိကန်၏ အဆိုးရွားဆုံး ကုန်သွယ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း ထရန့်က ဝေဖန်ခဲ့သည်။ ကနေဒါသည် အမေရိကန်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။

ကနေဒါထုတ် မော်တော်ယာဉ်များ၊ ကားအစိတ်အပိုင်းများနှင့် အခြားထုတ်ကုန်များကို အမေရိကန်က မလိုအပ်ကြောင်းလည်း ထရမ့်က ပို့စ်တွင်ဖော်ပြခဲ့သည်။၎င်း၏ အခွန်စည်းကြပ်ရေးမူဝါဒများသည် အမေရိကန် မော်တော်ယာဉ်လုပ်ငန်းကို ပြန်လည်အားကောင်းစေခဲ့သည်ဟု ထရမ့်ကဆိုသော်လည်း အမေရိကန် မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီများက ကနေဒါအပါအဝင် ပြည်ပမှထုတ်လုပ်သည့် ကားအစိတ်အပိုင်းများနှင့် စနစ်များအပေါ် ဆက်လက်မှီခိုနေရဆဲဖြစ်သည်။

ကနေဒါနှင့်ဆက်ဆံရေး ပိုတင်းမာစေသည့် လုပ်ရပ်အဖြစ် ထရန့်က ကနေဒါနှင့် အမေရိကန်ကြားရှိ အွန်တာရီယိုရေအိုင်ကို အမေရိကရေအိုင်ဟု သုံးနှုန်းခေါ်ဝေါ်ရန် ပြီးခဲ့သည့်ရက်ပိုင်းက အမိန့်ထုတ်ညွှန်ကြားခဲ့သည်။

Photo: Getty / AP

မူရင်းသတင်း — Eleven Media Group