Eleven Media Group

ကင်ဂျုံအွန် သေဆုံးကြောင်း ကောလာဟလများကို တုံ့ပြန်သောအားဖြင့် ၎င်း၏ဓာတ်ပုံများကို မြောက်ကိုရီးယားအစိုးရ ထုတ်ပြန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် သေဆုံးသွားပြီဆိုသည့် အတည်မပြုနိုင်ဖွယ်သတင်းများ အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် မြောက်ကိုရီးယားအစိုးရက ၎င်း၏ လတ်တလောဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ KCNA ၏ အောက်တိုဘာ ၂၀ ရက် သတင်းတွင် စက်မှုလုပ်ငန်းထုတ်ကုန်များ ပြသထားသည့် ပြပွဲစင်တာတစ်ခုသို့ ကင်ဂျုံအွန်တို့သားအဖ သွားရောက်ခဲ့ပုံ၊ ကင်က တာဝန်ရှိသူများအား လမ်းညွှန်မှာကြားနေပုံများ တွေ့မြင်ရသည်။ ကင်နှင့်အတူ သမီးဖြစ်သူ ကင်ဂျူအယ်လည်း ပြပွဲအတွင်း ရှိနေခဲ့သည်။

ကင်ဂျုံအွန် ဦးနှောက်သွေးယိုစီးမှု ဖြစ်ပြီး တရုတ်နိုင်ငံ ၊ ပေကျင်းမြို့ရှိ ပီကင်းယူနီယံ ဆေးကောလိပ်ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူခဲ့ပြီးနောက် ဆုံးသွားပြီဆိုသည့် သတင်းများ အွန်လိုင်းတွင် ပျံ့နေခဲ့သည်။ ၎င်း၏ ရုပ်အလောင်းကိုလည်း မြောက်ကိုရီးယားသို့ လျှို့ဝှက်ပြန်သယ်လာပြီး ကင်၏ညီမ ကင်ယိုဂျောင်က အုပ်ချုပ်နေကြောင်း အဆိုပါသတင်းများက ဆိုသည်။

ကင်ဂျုံအွန်သည် အရပ် ၁၇၀ စင်တီမီတာခန့်ရှိပြီး ကိုယ်အလေးချိန် ၁၄၀ ကီလိုဂရမ်ဝန်းကျင်ရှိကာ အဝလွန်နေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးဌာနက စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာများက ထုတ်ပြန်သည့် ဓာတ်ပုံများတွင်လည်း ကင်က မကြာခဏ ဆေးလိပ်သောက်နေသည်ကို တွေ့ရသည်။ ကင်ဂျုံအွန်၏ မိသားစုကျန်းမာရေး ရာဇဝင်ကြောင့်လည်း စိုးရိမ်မှုများ ရှိနေသည်။ ၎င်း၏အဘိုးနှင့် ဖခင်တို့သည် အဝလွန်ခြင်းနှင့် ဆေးလိပ်အလွန်အကျွံ သောက်ခြင်းတို့နှင့် ဆက်စပ်သည့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကြောင့် ကွယ်လွန်ခဲ့သည်။

Photo: KCNA

မူရင်းသတင်း — Eleven Media Group