Eleven Media Group

သမ္မတဗလာဒီမာပူတင်က ယူကရိန်းနှင့်ပတ်သက်၍ အမှားကို ဝန်ခံနိုင်မည်မဟုတ်ဟု ရုရှားဝန်ကြီးချုပ်ဟောင်း ပြောကြား

​စီးပွားရေး အကျပ်အတည်းများ ပိုမိုကြီးမားလာပြီး အာဏာပိုင်အဖွဲ့အစည်းများနှင့် သာမန်ရုရှားပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည့်တိုင် သမ္မဗလာဒီမာပူတင်သည် ယူကရိန်စစ်ပွဲကို အဆုံးသတ်ရန် ညှိနှိုင်းဆွေးနွေးလိုသည့် ဆန္ဒမရှိသေးကြောင်း ၎င်း၏ ဝန်ကြီးချုပ်ဟောင်းက အောက်တိုဘာလ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

၂၀၀၀ မှ ၂၀၀၄ အထိရုရှားဝန်ကြီးချုပ်အဖြစ်ထမ်းဆောင်ခဲ့သော အသက် ၆၈ နှစ်အရွယ် ရုရှားဝန်ကြီးချုပ်ဟောင်း မစ်ခေးလ်ကာဆယာနော့ဗ်က AFP သတင်းဌာနနှင့် ပါရီမြို့တွင် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားရာ၌ ၎င်း၏ခေါင်းဆောင်ဟောင်း ပူတင်သည် ၂၀၂၂ ခုနှစ်က ယူကရိန်အား ကျူးကျော်ခဲ့ခြင်းမှာ အမှားတစ်ခုဖြစ်ကြောင်း နားလည်ထားသော်လည်း ချမှတ်ခဲ့သည့် လမ်းကြောင်းအတိုင်း ဆက်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

​"သူက ကိုယ်တိုင် ဝန်မခံနိုင်တဲ့အမှားကိုလုပ်ခဲ့တာပါ။ ယူကရိန်ဟာ အားနည်းပါတယ်ဆိုတဲ့ လုံခြုံရေးအေဂျင်စီတွေရဲ့ အစီရင်ခံစာကို သူ ယုံကြည်ခဲ့တာပါ" ဟု ကာဆယာနော့ဗ်က ပြောသည်။

​အမေရိကန်-အီရန် ပဋိပက္ခကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ကရင်မလင်၏ ယူကရိန်အရေး ကိုင်တွယ်မှုအပေါ် အမေရိကန်နှင့် ဥရောပတို့အကြား သဘောထားကွဲလွဲမှုများ ရှိနေခြင်းတို့ကပူတင်အတွက် အားသာချက်ဖြစ်နေကြောင်း၊ ထို့ကြောင့် လာမည့်နှစ်တွင် စစ်ပွဲပြီးဆုံးမည်ဟု မယုံကြည်ကြောင်း ဝန်ကြီးချုပ်ဟောင်းက ဖြည့်စွက်ပြောကြားခဲ့သည်။

​"ပူတင်ကတော့ ကျေနပ်အားရနေတာ အမှန်ပါပဲ။ အလျှော့ပေးတာတွေ မလုပ်ဘဲ စစ်ပွဲကို ဆက်လက်ဆင်နွှဲနိုင်တယ်လို့ သူ အခိုင်အမာ ယုံကြည်နေပါတယ်။ ယူကရိန်ကို ရေရှည်တိုက်ခိုက်တဲ့ စစ်ပွဲမှာ သူအနိုင် ရနေတယ်လို့လည်း ယူဆထားပါတယ်" ဟု ကာဆယာနော့ဗ်က ဆိုသည်။

​ရောက်လာတော့မည့် ဆောင်းရာသီသည် ယူကရိန်အတွက် အလွန်ခက်ခဲကြမ်းတမ်းနိုင်ကြောင်း ၎င်းက သတိပေးခဲ့ပြီး ရုရှား၏ အရပ်ဘက် အခြေခံအဆောက်အအုံများအပေါ် ပြင်းထန်သော တိုက်ခိုက်မှုများမှ ကာကွယ်ရန် အနောက်နိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် "ကရင်မလင်အပေါ် စိတ်ဓာတ်ရေးရာ ဖိအားပေးရန်" နှင့် ယူကရိန်မြို့တော် ကိယက်ဗ်သို့ Patriot ဒုံးကျည်ကာကွယ်ရေး စနစ်များကို အရေးပေါ် ထောက်ပံ့ပေးရန် တိုက်တွန်းခဲ့သည်။

​အောက်တိုဘာ ၇ ရက်တွင် အသက် ၇၄ နှစ် ပြည့်တော့မည်ဖြစ်သည့် KGB အေးဂျင့်ဟောင်း ပူတင်ကမူ ရုရှားပြည်သူ သန်းပေါင်းများစွာသည် မော်စကို၏ စစ်ပွဲကို ထောက်ခံကြသည်ဟု အခိုင်အမာ ပြောဆိုထားသည်။

လွန်ခဲ့သည့်လက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်း၏ အာဏာရပါတီက စံချိန်တင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ဝေဖန်သူများက အဆိုပါရွေးကောက်ပွဲကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်ဟု ဆိုကြသော်လည်း ပူတင်က အဆိုပါ‌ ရွေးကောက်ပွဲကို စစ်ပွဲအပေါ် ထောက်ခံမှုပြသခြင်းဖြစ်သည်ဟု ပုံဖော်ခဲ့သည်။

​ရုရှား၏ သီးခြားနယ်မြေဖြစ်သော ကာလင်နင်ဂရက်ဒ် (Kaliningrad) တိုက်ခိုက်ခံရပါက "လက်နက်အမျိုးအစား အားလုံး" ကို အသုံးပြုရန် စဉ်းစားမည်ဟု အောက်တို ဘာလ ၁ ရက်နေ့တွင် ရုရှားခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် အနောက်နိုင်ငံများအနေဖြင့် ပူတင်၏ ခြိမ်းခြောက်မှုများကို ကြောက်ရွံ့မနေသင့်ကြောင်း ကာဆယာနော့ဗ်က ပြောကြားခဲ့သည်။

​"အနောက်နိုင်ငံတွေနဲ့ ဥရောပတိုက်သားတွေရဲ့ အကြီးမားဆုံး အမှားက ပူတင်ကို သိပ်ကြောက်နေကြတာပါပဲ။ သူဟာ ထင်သလောက် မသန်မာပါဘူး" ဟု ပါရီမြို့ရှိ တက်ရောက်သူပြည့်နှက်နေသော ပရိသတ်အား ကာဆယာနော့ဗ်က ပြောကြားခဲ့ပြီး "ပူတင်ဟာ အခြားဥရောပသားတွေထက် နျူကလီးယား ခလုတ်ကို ပိုပြီး ကြောက်ရွံ့ပါတယ်" ဟု ဆိုခဲ့သည်။

မူရင်းသတင်း — Eleven Media Group