Eleven Media Group

■ လစ်ဗျားနိုင်ငံသို့ မည်သည့်အကြောင်းရင်းနှင့်မျှ ခရီးမသွားရန် အမေရိကန်က ၎င်း၏ နိုင်ငံသားများကို သတိပေး

■ လစ်ဗျားသို့ ခရီးသွားမည့်သူများအနေဖြင့်လည်း သေတမ်းစာများ ချန်ထားခဲ့ရန် အကြံပြု

လစ်ဗျားနိုင်ငံသို့ မည်သည့်အကြောင်းရင်းနှင့်မျှ ခရီးမသွားရန် အမေရိကန်က ၎င်း၏ နိုင်ငံသားများကို သတိပေးခဲ့ပြီး လစ်ဗျားသို့ ခရီးသွားမည့်သူများအနေဖြင့်လည်း သေတမ်းစာများ ချန်ထားခဲ့ရန် အကြံပြုထားကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။

လစ်ဗျားတွင် လက်ရှိဖြစ်ပေါ်နေသော လုံခြုံရေး စိုးရိမ်ရမှုများကြောင့် အမေရိကန်နိုင်ငံသားများအား လစ်ဗျားသို့ မသွားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး လစ်ဗျားနိုင်ငံအား ခရီးသွားလာမှုဆိုင်ရာ သတိပေးချက် စနစ်၏ အမြင့်ဆုံးအဆင့်ဖြစ်သော အဆင့် ၄ တွင် ဆက်လက် သတ်မှတ်ထားသည်။

လစ်ဗျားနိုင်ငံသည် ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ ဆူပူအုံကြွမှုများနှင့် ပြန်ပေးဆွဲမှုများ စသည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့်အပြင် လက်နက်များ ပျံ့နှံ့နေမှု၊ အာဏာပိုင်များနှင့် ပူးပေါင်းထားသည့် တပ်ဖွဲ့များနှင် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သည့် အခြေအနေများရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပြန်ပေးဆွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများသည် နိုင်ငံ၏ နေရာအသီးသီးရှိ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားလျက်ရှိပြီး ရာဇဝတ်ဂိုဏ်းများသည်လည်း မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် ကုန်ပစ္စည်းမှောင်ခိုကူးမှုများတွင် ပါဝင်ပတ်သက်နေကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန် နိုင်ငံသားများသည်လည်း ပြန်ပေးဆွဲခံရမည့် ပစ်မှတ်များအနက် ပါဝင်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

အကြမ်းဖက် တိုက်ခိုက်မှုများသည် ကြိုတင်သတိပေးချက်မရှိဘဲ ဖြစ်ပွားနိုင်သလို ဆန္ဒပြမှုများသည်လည်း အကြမ်းဖက်မှုဘက်သို့ ကူးပြောင်းသွားကာ လမ်းပန်းဆက်သွယ်ရေးနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။

ထို့ပြင် တည်နေရာများကို သေချာမသိရှိရဘဲ အမှတ်အသားပြုလုပ်မထားသော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ပစ္စည်းများ၏ အန္တရာယ်များကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြပြောဆိုခဲ့သည်။

လစ်ဗျားနိုင်ငံအတွင်း အမေရိကန်သံရုံး ဖွင့်လှစ်ထားခြင်းမရှိသည့်အတွက် ထိုနိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့မှုပေးရန် အမေရိကန်အစိုးရ၏ စွမ်းဆောင်ရည်မှာ ကန့်သတ်ချက်ရှိနေကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

ယခုကဲ့သို့ သတိပေးထားသည့်ကြားမှ လစ်ဗျားနိုင်ငံသို့ သွားရောက်ရန် ဆုံးဖြတ်သူများအနေဖြင့် ကိုယ်ပိုင်အရေးပေါ် ထွက်ခွာရေးစီမံကိန်း စီစဉ်ထားရန်၊ သင့်တော်သော လုံခြုံရေးနှင့် ဆက်သွယ်ရေး စီစဉ်မှုများပြုလုပ်ထားရန်နှင့် ယုံကြည်ရသူများထံ အဓိကစာရွက်စာတမ်းများအပ်နှံရန်နှင့် သေတမ်းစာများ ပြင်ဆင်ထားရန် အမေရိကန်နိုင်ငံသားများကို တိုက်တွန်းထားသည်။

မူရင်းသတင်း — Eleven Media Group