
ပင်လယ်နက်၌ အရပ်ဘက်သင်္ဘောနှစ်စင်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် သင်္ဘောအမှုထမ်းပြီးများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဩဂုတ် ၄ ရက်တွင် တူရကီတာဝန်ရှိသူများက ပြောကြားခဲ့သည်။
သင်္ဘောများသည် သြဂုတ် ၃ ရက်တွင် ရုရှားဆိပ်ကမ်း Novorossiysk မှ ထွက်ခွာလာခဲ့ပြီးနောက် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သင်္ဘောအမှုထမ်းအချို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရပြီး ၎င်းတို့၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု ဆိုသည်။
"ပင်လယ်နက်မှာ ရုရှားနဲ့ ယူကရိန်းတို့ ပဋိပက္ခမြင့်တက်လာတာကို ကျွန်တော်တို့အလွန်ပဲစိုးရိမ်ပါတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့်လည်း အဲဒီပဋိပက္ခဟာ အရပ်သားသင်္ဘောတွေကို ထိခိုက်စေပါတယ်"ဟု နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
"ပင်လယ်နက်မှာ ရေကြောင်းသွားလာမှု ဘေးကင်းစေရေးအတွက် အစီအမံတွေကို အရေးတကြီးအကောင်အထည်ဖော်ဖို့ သက်ဆိုင်သူအားလုံးကို တောင်းဆိုပါတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင်တော့ စားနပ်ရိက္ခာပံ့ပိုးမှုတွေကို ထိခိုက်စေနိုင်ပါတယ်လို့ သတိပေးပါတယ်"ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သင်္ဘောများ ခုတ်မောင်းသွားလာမှုကို စောင့်ကြည့်သည့် ဝက်ဆိုဒ်ဖြစ်သော MarineTraffic ၏ ထုတ်ပြန်ချက်အရ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ဖော်ပြခဲ့သည့် သင်္ဘောနှစ်စင်းမှာ Yasar နှင့် Nadezhda တို့ဖြစ်ပြီး ထိုသင်္ဘောနှစ်စင်းသည် ပနားမားနှင့် ကင်မရွန်အလံတို့ကို လွှင့်ထားသည့် သင်္ဘောများဖြစ်ကြသည်ဆိုသော်လည်း သင်္ဘောနှစ်စင်းလုံးကို တူရကီကုမ္ပဏီများက ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ရုရှားနှင့် ယူကရိန်းတို့သည် လွန်ခဲ့သော သီတင်းပတ်အနည်းငယ်အထိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ တိုးမြင့်လုပ်ဆောင်နေကြသည်။