
အစိုးရအဖွဲ့သစ်၏ စိစစ်ချက်က တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားတို့ထံမှ ကြီးထွားလာသော အန္တရာယ်များကို ထပ်မံအလေးပေးဖော်ပြလိုက်သောကြောင့် ဂျပန်သည်မိမိ၏ စစ်တပ်ကို အရေးတကြီး အကျပ်အတည်းပုံစံဖြင့် အင်အားတိုးမြှင့်ရန် လိုအပ်နေသည်ဟု သြဂုတ် ၄ ရက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ဂျပန်သည် ကာကွယ်ရေးအသုံးစရိတ်များကို တိုးမြှင့်လျက်ရှိပြီး အာရှဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် ဆောင်ရွက်နေသည်။
ထို့ပြင် အစွန်အဖျားကျွန်းစုများတွင် ဒုံးကျည်လွှတ်တင်စနစ်များ တပ်ဆင်ခြင်း၊ "တုံ့ပြန်တိုက်ခိုက်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်ရေး ကြိုးပမ်းခြင်းနှင့် လက်နက်တင်ပို့ရောင်းချခြင်းဆိုင်ရာ စည်းမျဉ်းများဖြေလျှော့ခြင်းတို့ကိုပါ စနစ်တကျ လုပ်ဆောင်လျက်ရှိသည်။
"ဂျပန်ဟာ ယခင်ကထက် ပိုမိုမြင့်မားတဲ့ အရေးပေါ် စိတ်ဓာတ်၊ စိုးရိမ်စိတ်တို့နဲ့အတူ ကာကွယ်ရေးစွမ်းရည်တွေကို အလျင်အမြန် ပိုမိုအားကောင်းလာအောင် ပြုပြင်ပြောင်းလဲသွားဖို့ မဖြစ်မနေ လိုအပ်ပါတယ်"ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးရှင်ဂျိရိုကိုအိဇုမိက ပြောကြားသည်။
အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နှင့် မြောက်ကိုရီးယားတို့က စစ်ရေးစွမ်းရည်များကို အရှိန်အဟုန်မြှင့် တည်ဆောက်နေရုံသာမက တရုတ်-ရုရှားနှင့် ရုရှား-မြောက်ကိုရီးယားတို့က ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုခိုင်မာအောင် လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အစီရင်ခံစာသစ်အရ တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံပတ်ဝန်းကျင်ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများကို ပိုမိုပြင်းထန်စွာ ပြုလုပ်လာနေပြီး "ပထမကျွန်းတန်း (First Island Chain)" မှသည် "ဒုတိယကျွန်းတန်း (Second Island Chain)" အထိ စစ်ရေးနယ်မြေ တိုးချဲ့လာနေသည်ဟု ဖော်ပြထားသည်။
မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အများအပြားကို ထည့်သွင်းဖော်ပြထားရာ တရုတ်လေယာဉ်တင်သင်္ဘောများ၏ လှုပ်ရှားမှုများနှင့် လွန်ခဲ့သည့် ဇွန်နှင့် ဇူလိုင်တို့တွင်ဖြစ်ပွားခဲ့သော တရုတ်စစ်လေယာဉ်များက ဂျပန်လေယာဉ်များအနီးသို့ ပုံမှန်မဟုတ်ဘဲ စိုးရိမ်ဖွယ်ရာ နီးကပ်စွာ ပျံသန်းခဲ့သည့် ဖြစ်စဉ်နှစ်ခုတို့ ပါဝင်ခဲ့သည်။
၂၀၂၆ ခုနှစ် မတ် ၃၁ ရက်အထိ တစ်နှစ်အတွင်း ဂျပန်တိုက်လေယာဉ်များသည် အရေးပေါ်ပျံသန်းမှု စုစုပေါင်း ၅၉၅ ကြိမ် ပြုလုပ်ခဲ့ရသည်။
ထိုအထဲတွင် တရုတ်လေယာဉ်များကို တုံ့ပြန်ရန် ၃၆၆ ကြိမ်နှင့် ရုရှားလေယာဉ်များကို တုံ့ပြန်ရန် ၂၁၄ ကြိမ် ပါဝင်သည်။
အဆိုပါ အရေအတွက်သည် ယခင်နှစ်က ၇၀၄ ကြိမ် ရှိခဲ့ရာမှ လျော့ကျသွားခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း အနည်းဆုံး ဖြစ်သည်။
ဂျပန်နိုင်ငံသည် ၎င်းတို့ကိုယ်တိုင် ပိတ်ပင်ထားခဲ့သော လက်နက်တင်ပို့ရောင်းချမှု တားမြစ်ချက်ကို လွန်ခဲ့သည့် ဧပြီလက ရုပ်သိမ်းခဲ့သော်လည်း၊ လက်နက်ဝယ်ယူရေးနှင့် နည်းပညာဆန်းသစ်တီထွင်မှုများကို အဟန့်အတားဖြစ်စေနိုင်သည့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်မှု အခြေခံဆိုင်ရာ စိန်ခေါ်မှုများရှိနေသေးကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။