Eleven Media Group

မြန်မာနိုင်ငံနှင့် ချိန်ညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု ပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ် အနူတင် ပြောကြား

‎မြန်မာနိုင်ငံနှင့် ချိန်ညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု ပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က မြန်မာသမ္မတဦးမင်းအောင်လှိုင်နှင့်မတွေ့ဆုံမီ ဩဂုတ် ၄ ရက်က ပြောကြားခဲ့သည်။‎

‎အနူတင်သည် အာဆီယံ အတွင်းရေးမှူးချုပ် ကော်ကင်ဟွန်နှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့‌တော်ရှိ အာဆီယံဌာနချုပ်တွင် တွေ့ဆုံပြီးနောက် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

‎အနူတင်သည် ဩဂုတ် ၃ ရက်ကလည်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုနှင့် တွေ့ဆုံခဲ့သည်။

‎‎မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့ပြီးနောက် ပဋိပက္ခများဖြစ်ပွားခဲ့သည်။

‎အဆိုပါပဋိပက္ခများကို ထိန်းသိမ်းရန်အတွက် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ဟု လူသိများသည့် မြန်မာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုသည် အာဆီယံအဖွဲ့၏ လမ်းညွှန်မူဘောင်အဖြစ် ဆက်လက်တည်ရှိနေကြောင်း အနူတင်က ပြောကြားခဲ့သည်။

‎အဆိုပါလှုပ်ရှားမှုတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးတို့ ပါဝင်သည်။

‎‎"ထိုင်းနိုင်ငံအနေနဲ့ လက်တွေ့အခြေအနေတွေကို တုံ့ပြန်ပြီး ထိရောက်တဲ့ တိုးတက်မှုတွေကို တွန်းအားပေးရင်း ဆွေးနွေးပွဲတွေကို ပွင့်လင်းစွာ ထိန်းသိမ်းထားနိုင်မယ့် ချိန်ညှိထားတဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှု ပုံစံကို ထောက်ခံခဲ့ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။‎

‎ဩဂုတ် ၃ ရက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်သည့် ပုံစံရှိသည်ဟု သိရပြီးနောက် ယခု ချဉ်းကပ်မှုသည် လမ်းကြောင်းမှန်သို့ ဦးတည်နေပြီဖြစ်ကြောင်း အနူတင်က ဆိုသည်။‎

‎"ဒါဟာ ထိုင်းနိုင်ငံက လျှောက်လှမ်းဖို့ အမြဲတမ်း တိုက်တွန်းခဲ့တဲ့ လမ်းကြောင်းပဲဖြစ်ပါတယ်" ဟု အနူတင်က ပြောကြားခဲ့သည်။

‎‎ အာဆီယံ၏ ပြည်တွင်းရေး ကြားဝင် မစွက်ဖက်ရေး မူဝါဒများသည် အဓိက အုတ်မြစ်အဖြစ် ဆက်လက်တည်ရှိနေသော်လည်း အဖွဲ့အစည်း၏ ညီညွတ်မှုကို ထိန်းသိမ်းရန်အတွက် လိုအပ်သော ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ လက်တွေ့ကျမှုတို့နှင့် အညီ ကျင့်သုံးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group