
မိုးကုတ်မြို့၊ အနောက်ပိုင်း၊ ပန်းမရပ်ကွက်၊ ပတ္တမြားသျိုတွင် သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းကမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံ ပြိုကျမှု ဖြစ်ပွါး၍ လူနေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး လူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည် ။
ယင်းသို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံ ပြိုကျသည့်နေရာသို့ မိုးကုတ် အနောက်ပိုင်းအရန်မီးသတ် ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ၊ သက်ဆိုင်ရာဌာနများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
ထို့အတူ မိုးကုတ်မြို့ အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်တွင်လည်း မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံပြိုကျမှုဖြစ်ပွားကာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည် ။
အောင်သစ်လွင်ရပ်ကွက်ရှိ မြေထိန်းနံရံများ ရေတိုက်စားကာ ပြိုကျမှု ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရှိရသည် ။
အဆိုပါပျက်စီးသွားသော နေရာများအား ကူညီရှင်းလင်းရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပါရမီလူမှုကူညီရေးအသင်းတို့မှ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည် ။
မိုးကုတ်မြို့ကဲ့သို့ တောင်ပေါ်ဒေသများတွင် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းပါက မြေပြိုမှု၊ မြေထိန်းနံရံပြိုကျမှုများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်သဖြင့် တောင်စောင်းနှင့် မြေထိန်းနံရံ အနီးအနားတွင် နေထိုင်သူများအနေဖြင့် အထူးဂရုပြု စောင့်ကြည့်နေထိုင်ကြရန် လိုအပ်ကြောင်း ပါရမီလူမှုကူညီရေးအသင်းမှ အသိ ပေးနှိုးဆော်ထားသည် ။
"မိုးကုတ်မှာ မြေမပြိုတာ ကြာပြီ ။ ပန်းမရပ်ကွက်ဆို အရင်က မပြိုဘူးဖူး ။အခုရက်ပိုင်း မိုးရက်ဆက်ရွာနေပြီး ချောင်းရေလည်း အတော်လျှံနေတာ ။ ရေစီးကလည်း သန်တယ် ။ ရေက တော်တော်နဲ့ မကျနိုင်သေးဘူး ။ ဒီပုံတိုင်းဆို တချို့နေရာတွေမှာ နေအိမ်တွေထဲထိ ရေရောက်တော့မယ် " ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
■