


ရန်ကုန်၊ သြဂုတ် ၇
ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင် ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပုံမှန်ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးအတွက် အစပြုမှုတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံးထံ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးအတွက်လည်း လမ်းဖွင့်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် မိမိတို့ ဆက်လက်တောင်းဆိုပါသည်။ ထို့အပြင် သူမအနေဖြင့် လိုအပ်သော ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများ ရရှိနိုင်ရေးနှင့် မိသားစုဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သွားရောက်တွေ့ဆုံခွင့်များ ရရှိနိုင်ရေးကို အာဏာပိုင်များက အာမခံပေးရန် တိုက်တွန်းထားသည်။
အမေရိကန်သံရုံးက မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို လွှတ်ပေးရန်လည်း မိမိတို့ တောင်းဆိုပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် စစ်တပ်အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းပါကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အပါဝင် NLD ဦးဆောင်သူများနှင့် အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်သူများကို မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအဖြစ် ရည်ညွှန်းထုတ်ပြန်ထားသည်ကိုတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များမှာ အာဏာရှိစဉ်က နိုင်ငံတော်ဘဏ္ဍာငွေများကို အလွဲသုံးစား ပြုလုပ်ခြင်းကြောင့် အဂတိလိုက်စားမှု၊ မဲလိမ်မဲခိုးမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ကြောင့် ပြစ်ဒဏ်ကျခံနေကြရသူများ ဖြစ်သည်။ NLD ပါတီ ဦးဆောင်သူများသည် အာဏာလက်မဲ့ဖြစ်ပြီးနောက် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသော ရဟန်းရှင်လူပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အခြေခံအဆောက်အဦးနှင့် လမ်းတံတားများကို ဖျက်ဆီးသည့် အကြမ်းဖက်လုပ်ရပ်များကို အလွန်အကြူး လုပ်ဆောင်ခဲ့ကြသည်။
#MNP #News