
"မန္တလေးတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို အရှိန်ဟုန်မြှင့်ဆောင်ရွက်နိုင်ရေး" အဆိုကို မန္တလေးတိုင်းလွှတ်တော်တွင် သြဂုတ် ၆ ရက်က တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးမျိုးကျော်က အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
" မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါးဇွန်၊ မလိုင်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊မိုးကုတ်အစရှိသည့် မြို့နယ်များတွင် တည်ငြိမ် အေးချမ်းမှုမရှိ၍ ၎င်းဒေသများရှိ ပြည်သူများသည် လုံခြုံရေး၊ လူမှုရေး၊ ပညာရေး၊ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများစွာရှိပြီး ဘဝရပ်တည်မှု ခက်ခဲလျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိရသည့် အဓိကအကြောင်းရင်းမှာ အစိုးရဌာနဆိုင်ရာဆိုင်ရာအသီးသီးနှင့် ဒေသခံပြည်သူများအကြား မျှတမှုမရှိခြင်း၊ ဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် လုံခြုံရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ဒေသအသီးသီးတွင် တည်ငြိမ်အေးချမ်းမှု လျော့နည်းပျက်သုဉ်းနေရခြင်းဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့်ပြည်သူတို့ဘဝ ဖွံ့ဖြိုးတိုးတက်မှုသည် တိုက်ရိုက်ပတ်သက်နေသည်ဖြစ်ရာ တည်ငြိမ်အေးချမ်းမှုမရှိသော ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကုန်စျေးနှုန်းများမြင့်မားခြင်း၊ ကျောင်းနေရွယ်ကလေးများ ပညာသင်ကြား ရန် အခက်အခဲရှိခြင်း၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများအတွက် ဆေးဝါးအခက်အခဲ နှင့်လူမှုရေးအကူအညီ အားနည်းချက်များကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရခြင်း၊ ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ လုပ်ကိုင်ဆောင်ရွက်နိုင်မှုမရှိ၍ စားဝတ်နေရေးခက်ခဲရခြင်း စသည်တို့ကြောင့် အထက်ဖော်ပြပါမြို့နယ်ဒေသများရှိ ပြည်သူများသည် တည်ငြိမ်အေးချမ်းမှုကို များစွာလိုလား တောင့်တလျက်ရှိ ပါကြောင်း" တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး " ပြည်သူများ၏ အကျိုးစီးပွား၊လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ထောက်ရှု၍ ဒေသ အလိုက်တည်ငြိမ်အေးချမ်းမှု ရရှိနိုင်စေရေးအတွက် မူဝါဒများနှင့်အညီ အစီအစဉ်များရေးဆွဲ၍ အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ပါရန်အတွက် "မန္တလေးတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး နှင် ့လုံခြုံရေးကို အရှိန်ဟုန်မြှင့်ဆောင်ရွက်နိုင်ရေး"အဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုတင်သွင်းခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ပြီး လွှတ်တော်မှ ကန့်ကွက်သူမရှိသဖြင့် အဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးရန်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်း နိုင်ကြောင်း ကြေညာခဲ့ကာ တတိယပုံမှန်အစည်းအဝေး သြဂုတ်လ ၁၁ ရက်နေ့တွင် ဆွေးနွေးသွားမည် ဖြစ်သည်။