Myanmar National Post

ယူကရိန်းတွေ ရုရှားထဲကိုဒရုန်းနဲ့ဝင်တိုက်ဖို့ စတားလင့်ခ်ကိုအသုံပြု ခွင့်မပေးဘူးလို့ အီလွန်မက်စ် ပြောထား


ဩဂုတ် - ၈ ( စနေနေ့ ) 

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ် ဟာ ရုရှားနယ်မြေထဲကို ဒရုန်းနဲ့ ထဲထဲဝင်ဝင် တိုက်ခိုက်ဖို့အတွက် သူပိုင်ဆိုင်တဲ့ စတားလင့်ခ် ဂြိုဟ်တု အင်တာနက်စနစ်ကို ယူကရိန်ဘက်က အသုံးပြုခွင့်ပေးဖို့ တောင်းခံလာတာကို ငြင်းဆန်ခဲ့တယ်လို့ အတ္တလန်းတစ် သတင်းဌာန က သောကြာနေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။ ဒီသတင်းဟာ ယူကရိန် ကာကွယ်ရေးဝန်ကြီးဟောင်း မီခေးလ် ဖေဒိုရော့ဗ် နဲ့ နီးစပ်သူ အဓိကမဟာမိတ် နှစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားထားတာပါ။

သတင်းဖော်ပြချက်အရ နည်းပညာကျွမ်းကျင်ပြီး ဒရုန်းစစ်ပွဲကို အားပေးမြှောက်စားခဲ့သူ၊ ပြီးခဲ့တဲ့လကမှ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူ ဖေဒိုရော့ဗ်ဟာ အီလွန်မတ်စ်ဆီ နောက်ကွယ်လမ်းကြောင်းတွေကနေတစ်ဆင့် မေတ္တာရပ်ခံဖို့ ကြိုးစားနေခဲ့ပေမဲ့ ထရီလျံနာကြီးကတော့ အခုထိ အလျှော့မပေးဘဲ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။

"အခုအချိန်အထိတော့ အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက် မရှိသေးပါဘူး။ အီလွန်ကတော့ သဘောတူညီချက်ရယူဖို့ (စစ်ပွဲအဆုံးသတ်ဖို့) အချိန်တန်ပြီလို့ပဲ ဆက်တိုက်ပြောနေပါတယ်" လို့ ဖေဒိုရော့ဗ်ရဲ့ မဟာမိတ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့စဉ်မှာလည်း ယူကရိန်ခေါင်းဆောင် ဗလာဒီမီယာ ဇီလန်းစကီး က သမ္မတ ဒေါ်နယ်ထရမ့်အား သူနဲ့ နီးစပ်တဲ့ မဟာမိတ် အီလွန်မတ်စ်ကို ဖိအားပေးကူညီဖို့ တောင်းဆိုခဲ့ဖူးကြောင်း၊ ဒါပေမဲ့ ထရမ့်ကတော့ ပတ်သက်မှုမရှိဘဲ ရေငုံနှုတ်ပိတ် နေခဲ့တယ်လို့ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားနဲ့ စစ်ပွဲစတင်ဖြစ်ပွားပြီး မကြာမီမှာပဲ အီလွန်မတ်စ်ဟာ ယူကရိန်ကို စတားလင့်ခ် ဂြိုဟ်တုအင်တာနက် စက်ပစ္စည်းပေါင်း သောင်းနဲ့ချီ အခမဲ့ လှူဒါန်းခဲ့တာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ သူဟာ မော့စကိုနဲ့ ကိယက်ဗ်တို့ကြား ငြိမ်းချမ်းရေးရယူဖို့ အဓိကထား လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့သလို၊ ဒီစစ်ပွဲကနေ "တတိယကမ္ဘာစစ်" အထိ ဦးတည်သွားနိုင်တယ်လို့ သတိပေးရင်း ယူကရိန် အာဏာပိုင်တွေနဲ့ သဘောထားကွဲလွဲမှုတွေ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ရုရှားရဲ့ ပင်လယ်နက်ရေတပ်စု နဲ့ ခရိုင်းမီးယားမှာရှိတဲ့ ရေတပ်စခန်းတွေကို တိုက်ခိုက်ဖို့ စတားလင့်ခ် အသုံးပြုခွင့်ပေးရန် ယူကရိန်ရဲ့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ထရီလျံနာကြီးကိုယ်တိုင် အတည်ပြုခဲ့ပါတယ်။ "သူတို့ရဲ့ တောင်းဆိုမှုကိုသာ ကျနော် သဘောတူခဲ့ရင် စစ်ပွဲရဲ့ အဓိက လုပ်ဆောင်ချက်နဲ့ ပဋိပက္ခ ပိုမိုကြီးထွားလာမှုမှာ တိုက်ရိုက် ပါဝင်ပတ်သက်သူ ဖြစ်သွားမှာပါ" လို့ အဲဒီအချိန်က သူက ပြောကြားခဲ့ပါတယ်။ 


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post