
ဩဂုတ် - ၉ ( တနင်္ဂနွေနေ့ )
အမေရိကန်အစိုးရဟာ ဟာဗားနား(ကျူးဘား)ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ပြောင်းလဲပေးနိုင်မယ့် ကျူးဘားခေါင်းဆောင်သစ် တစ်ယောက်ကို ရှာဖွေနေတယ်လို့ အမေရိကန် တာဝန်ရှိသူဟောင်းနဲ့ လက်ရှိတာဝန်ရှိသူတွေကို ကိုးကားပြီး New York Times သတင်းစာက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရာထူးပြန်ရလာကတည်းက ကျူးဘားအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပိုမိုတင်းကျပ်ခဲ့ပြီး၊ ကျူးဘားကို ရေနံထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေကို အခွန်တိုးမြှင့်မယ်လို့ ခြိမ်းခြောက်ခဲ့သလို ဒီနိုင်ငံကို "နည်းလမ်းတစ်ခုမဟုတ် တစ်ခုနဲ့ စိစစ်ထိန်းချုပ်သွားမယ်" လို့လည်း ပြောဆိုထားပါတယ်။
ထရမ့်အစိုးရအဖွဲ့ဟာ အစိုးရအဖွဲ့ကို လွှဲပြောင်းရယူဖို့ စည်းရုံးလို့ရနိုင်မယ့် လက်ရှိ သို့မဟုတ် တာဝန်မှ အနားယူထားတဲ့ ကျူးဘားအရာရှိတစ်ယောက်ကို ရှာဖွေနေတယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတွေက NYT ကို ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးသွားပြီးနောက် ယာယီသမ္မတ ဖြစ်လာခဲ့သူ ဒယ်လ်စီ ရိုဒရီးဂက်စ် လိုမျိုး ပုံစံတူ ပုဂ္ဂိုလ်တစ်ယောက်ကို ရှာဖွေပေးဖို့ အိမ်ဖြူတော်က အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ ပြောကြားချက်အရ ကျူးဘားက ဗင်နီဇွဲလားထက်စာရင် အီရန်နဲ့ ပိုတူတယ်လို့ ဆိုပါတယ်။ အီရန်မှာလည်း အမေရိကန်ဟာ အစိုးရအပြောင်းအလဲလုပ်ဖို့ ပေါ်ပေါ်ထင်ထင် ပြောဆိုထားပေမဲ့ အခုချိန်ထိ အကောင်အထည် မဖော်နိုင်သေးကြောင်း ထောက်လှမ်းရေး အစီရင်ခံစာတွေကနေရတဲ့ သတင်းအချက်အလက် ရရှိထားသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာက ဖော်ပြထားပါတယ်။
အမေရိကန် တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးဩဇာ “အလွန်ကြီးမားဆဲ” ဖြစ်တဲ့ ကျူးဘား သမ္မတဟောင်း ရာအူးလ် ကက်စထရို ကို ဖမ်းဆီးခဲ့ရင် ဒါမှမဟုတ် လက်ရှိ ခေါင်းဆောင်ပိုင်းကို အတင်းအကျပ် ဖယ်ရှားခဲ့ရင်တောင် အာဏာလွှဲပြောင်းရယူဖို့ ဆန္ဒရှိမယ့် လက်တွေ့ကျတဲ့ အရာရှိမျိုး အနည်းငယ်ပဲ ရှိလိမ့်မယ်လို့ အမေရိကန် အရာရှိတွေက NYT သတင်းစာကို ပြောကြားခဲ့ပါတယ်။ ဝါရှင်တန်အနေနဲ့ ကျူးဘားလက်ရှိအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နိင်ရာနိင်ကြောင်း စဉ်းစားတာနဲ့ အစိုးရကို ဖြုတ်ချဖို့ အစီအစဉ်တွေ ရေးဆွဲမှုကြား ဒွိဟဖြစ်ပြီး တိမ်းစောင်းနေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဧပြီလတုန်းကလည်း ကျူးဘားသမ္မတ မီဂေးလ် ဒီးယက်ဇ်-ကာနယ်လ် က ၎င်းတို့နိုင်ငံဟာ အနှစ် ၆၀ ကျော် ကြာမြင့်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရန်လိုမှုတွေကြားကမှ “ရှင်သန်ကျော်လွှားနိုင်ခဲ့သလို တိုးတက်မှုတွေလည်း ရရှိခဲ့ပါတယ်” လို့ RT သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကျူးဘားဟာ ဗင်နီဇွဲလားရဲ့ ကြမ္မာဆိုးမျိုး ကြုံတွေ့ရနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့ပြီး ကျူးဘားပြည်သူတွေဟာ “တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတယ်” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
REF: RT
#News #Myanmar