
မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ ပါတီ ၆ ခုမှ ပါတီ၀င် ၁၀၀ ဦးက သြဂုတ်လ၁၀ရက်နေ့တွင် လာရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၁၀ရက်ကပြုလုပ်ခဲ့သော မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်းအစည်းအဝေး ပဥ္စမနေ့ (သြဂုတ်၁၀ရက်)တွင် ပါတီ၆ခုမှ ပါတီ၀င်၁၀၀ဦးက လာရောက်လေ့လာခဲ့ခြင်းဖြစ်သည်။
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ( ကျားဖြူပါတီ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
ဒီမိုကရက်တစ် အင်အားစု လေဘာပါတီ၊ လူမှုစီးပွားမြှင့်တင်ရေးပါတီ၊ ပြည့်သူ့ရှေ့ဆောင်ပါတီ၊
တောင်သူလယ်သမားဖွံ့ဖြိုးတက်ရေး ပါတီတို့မှ ပါတီ၀င် ၁၀၀ဦးက လာရောက်လေ့လာခဲ့ကြခြင်းဖြစ်သည်။
" လွှတ်တော်ကိုလာရောက်လေ့လာလိုတဲ့ဆန္ဒရှိတဲ့အတွက် မန္တလေးတိုင်းအတွင်းမှာရှိတဲ့ပါတီ၆ခု ပေါင်းပြီး လာရောက်လေ့လာခြင်းဖြစ်ပါတယ်။လေ့လာရခြင်းအကျိုးကျေးဇူးဘာတွေရလဲဆိုရင် တိုင်းကျိုးပြည်ပြု လွှတ်တော်ကြီးဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း တစ်ချိန်ကျရင် လွှတ်တော်ထဲရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်လုပ်ငန်းစဥ်တွေကို လာရောက်လေ့လာခြင်းဖြစ်ပါတယ်။ လွှတ်တော်မှာဆွေးနွေးတာတွေ၊ အကြံပြုတာတွေ၊ ကြယ်ပွင့်ပြမေးခွန်းတွေ၊ ကြယ်ပွင့်မပြမေးခွန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိရတဲ့အတွက် အထူးပဲလေ့လာမှတ်သားခွင့်ရပါတယ်" ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ( ကျားဖြူပါတီ)၏ မန္တလေးတိုင်းဒေသကြီးဥက္ကဌ ဦးညိုဇေယျက လေ့လာရေးနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၃၅ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၈ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၅ဦး၊ ပြည်သူ့ပါတီမှ ၄ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ၁ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၁ဦး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၈ဦး စုစုပေါင်း ၇၂ဦးတို့ဖြင့် တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ပါ၀င်ဖွဲ့စည်းထားကြောင်း သိရသည်။