Eleven Media Group

ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်

ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်နေကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်လာတက်မှုကြောင့် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ကျော်လွန်ပြီး ဩဂုတ် ၁၀ ရက် နံနက် ၈ နာရီခွဲ တိုင်းတာချက်အရ ၈၂၀ စင်တီမီတာသို့ ရောက်ရှိနေ၍ မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးတွင်နေထိုင်သူများ ရေလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင် ရေး ကြိုတင်ပြင်ဆင်ထားရှိပြီး ရေဘေးသင့်ပြည်သူများအား ဝေငှပေးနိုင်ရန်အတွက် ဆန်၊ ဆီနှင့် ကြက်ဥများ စီစဉ်ထားရှိကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေပိုမိုမြင့်တက်လာပါက မြေနိမ့်ပိုင်းနှင့် ရေဝင်ရောက်နိုင်သည့်နေရာများမှ ပြည်သူများရွှေ့ပြောင်းနိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် စခန်း(၁၆)ခု၊ ကျေးရွာအုပ်စုများတွင် စခန်း (၁၁)ခု စုစုပေါင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၇)ခု ဖွင့်လှစ်ရန်လျာထားပြီး ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group