
အင်ဒိုနီးရှားတွင် မြန်မာသင်္ဘောသားများ လိုက်ပါလာသည့် နိုင်ငံခြားအလံတင် သင်္ဘောတစ်စင်းပေါ်၌ ဒေါ်လာ သန်း ၁၀၀ ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါး ၁ ဒသမ ၃ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါသင်္ဘောပေါ်တွင် ကက်တမင်း မူးယစ်ဆေး ၁ ဒသမ ၃ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အေဂျင်စီ အကြီးအကဲ ဆူယူဒီ အာရီယို ဆက်တိုက ပြောကြားခဲ့ပြီး ယင်းသည် အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများအနက် တစ်ခုဖြစ်သည်ဟု ဆိုသည်။
MV King Sun အမည်ရှိ အဆိုပါသင်္ဘောသည် ထိုင်းနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံဘက်သို့ သံသယဖြစ်ဖွယ် ကုန်ပစ္စည်းများ တင်ဆောင်ပြီး အရှေ့ဘက်သို့ ဦးတည်ခုတ်မောင်းနေကြောင်း ဖေဖော်ဝါရီလတွင် သတင်းအချက်အလက် ရရှိခဲ့သဖြင့် လပေါင်းများစွာ စောင့်ကြည့်စုံစမ်းခဲ့ရကြောင်း ဆူယူဒီ က ပြောသည်။
အဆိုပါ သင်္ဘောသည် ဩဂုတ် ၆ ရက်က အင်ဒိုနီးရှား ပိုင်နက်အတွင်းသို့ ဝင်ရောက်လာချိန်တွင် အင်ဒိုနီးရှား ရေတပ်၏ စစ်သင်္ဘောတစ်စီးက တားဆီးပိတ်ဆို့ခဲ့ကြောင်း ၎င်းက ဆိုသည်။
"ဩဂုတ် ၇ ရက်မှာ ပူးပေါင်းအဖွဲ့ဟာ သင်္ဘောထဲမှာ ဝှက်ထားတဲ့ အိတ်ပေါင်း ၆၅ အိတ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် အဲဒီပစ္စည်းတွေဟာ ကက်တမင်းတွေဖြစ်ကြောင်း သိရှိခဲ့ရပါတယ်" ဟု ဆူယူဒီက ဩဂုတ် ၉ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာတမ်ကျွန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် ၁ ဒသမ ၃ တန်ခန့်ရှိသော မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ အင်ဒိုနီးယားနိုင်ငံသုံး ရူပီးယား ၂ ဒသမ ၀၇ ထရီလျံ (အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၂ သန်း) ခန့် ရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီး သင်္ဘောပေါ်တွင် ဆက်လက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ သင်္ဘောသည် တန်ဇန်းနီးယားနိုင်ငံ အလံကို လွှင့်တင်ထားပြီး Riau Islands ပြည်နယ် အနီးဝန်းကျင်ရှိ ရေပြင်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း Antara သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသား ရှစ်ဦးအနက် မြန်မာနိုင်ငံသား ၇ ဦးနှင့် တရုတ် (တိုင်ပေ) ဒေသခံ ၁ ဦးပါဝင်ပြီး ၎င်းတို့ကို ထိန်းသိမ်းထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အေဂျင်စီက ပြောကြားခဲ့သည်။
ကက်တမင်းကို အဓိကအားဖြင့် ခွဲစိတ်ကုသမှုများအတွက် မေ့ဆေးအဖြစ် အသုံးပြုကြသော်လည်း ပါတီပွဲများတွင် တရားမဝင် မူးယစ်ဆေးအဖြစ် ကျယ်ပြန့်စွာ အလွဲသုံးစားပြုလုပ်လေ့ရှိသည်။ အဆိုပါမူးယစ်ဆေး ဖြန့်ဖြူးရောင်းချမှုကို အင်ဒိုနီးရှားနိုင်ငံတွင် တင်းကျပ်စွာ ထိန်းချုပ်စောင့်ကြည့်ထားသည်။
Ref: AFP